မိုးတွေ ရွာရင်


ကျွန်တော် ဒီပိုစ့်လေး ရေးဖြစ်ရတဲ့ အကြောင်းက အမ ညလေး က ကျွန်တော် ဘုမသိဘမသိ ကို တက်ထားတယ် ဆိုပြီး ဆီဗုံးမှာ လာအော်သွား ပါတယ်။ ကျွန်တော်က လည်း တော်တဲ့နေရာ နှစ်ယောက် မရှိဘူး။ တက်တယ်ဆိုတာ WWE Smack Down ထဲက tag game ကို ပဲပြေးမြင်မိတယ်။ ဟ ဘာဆိုလိုတာလဲ မသိဘူး။ နပန်းသတ်ဖို့ လက်ပုတ် ခေါ်တာတော့ မဖြစ်နိုင်လောက် ပါဘူးလို့။ ဒါနဲ့ ပဲ တခြား ဘလော့ခ်တွေ လိုက်ဖတ်ရတော့တယ်။ ဘလော့ခ် တော်တော် များများ ဖတ်ပြီးတော့မှ ရေးတေးတေး သဘောပေါက်မိတယ်။ (ခုထက်ထိ ရေးတေးတေး ပဲ သဘောပေါက်တယ်)။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ မိုးရေထဲက အမှတ်တရလေးတွေ ရေးမိပါတယ်။


တကယ်တော့ မိုး အကြောင်းပိုစ့်လေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ တော့ရှိပါတယ်။ မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုတော့ အမ ညလေး တက်လိုက်လို့ရေး ဖြစ်ပါတယ်။ မိုးနတ်မင်းက တကယ်တော့ ကျွန်တော့်ကို ကြည်ပုံမရဘူးဗျ။ ကျွန်တော်နေ့တိုင်း ကျောင်းသွားရင် ထီး အမြဲယူတယ်။ ကျွန်တော် ထီး ပါတဲ့နေ့ဆို သူက နေပူတယ်။ ထီး လေးတစ်ရက်လောက် မေ့ခဲ့ရင် အဲဒီနေ့ ကြွက်စုတ်ဖြစ်အောင်ကို ရွာတာပဲ။ ကြည့်လေ ပြီးခဲ့တဲ့ အပတ် တင်္နလာ နေ့က ကျွန်တော် မနက်ကျောင်းသွားဖို့ လုပ်တော့ နေ ကိုတောင်ကြည့်လိုက်သေးတယ်။ နေသာလို့ ဒါနဲ့ ဒီနေ့တော့ ထီး မယူတော့ပါဘူးလေ ဆိုပြီး ကျောင်းသွားလိုက်တာ ကျောင်း အပြန် သဲကြီးမဲကြီး ရွာပါလေရော။ ဖြစ်ချင်တော့ အဲဒီနေ့က သွားစရာ ကလည်း ရှိနေသေးတယ်။ သယ်ရင်း သိုးမလေး ကို ကူရှာခိုင်းထားတဲ့ ဂစ်တာ စာအုပ်ရပြီ ဆိုလို့ လောကနတ် ခန်းမမှာ သွားယူရမှာ။ ဒါနဲ့ ကျောင်းက ထီး ပါတဲ့ ဘော်ဒါကို ပန်းဆိုးတန်းက ခန်းမကို လိုက်ခဲ့ပေးဖို့ အဖော် ခေါ်ရတယ်။ သူလိုက်တော့ စာအုပ် သွားယူ ပြီး အပြန်သူက သူ့အိမ် ဘက်ရောက်တဲ့ လိုင်းကားစီးပြန်သွားရော။ ကျွန်တော်က ကျွန်တော် အိမ်ဘက်ရောက်မယ့် လိုင်းကား စောင့်နေခဲ့တာ။ နောက် မိုး က ကျွန်တော့်ကိုတွေ့သွားတယ် ထင်တယ်။ လူကို ကြွက်စုတ် ပုံဖြစ်အောင် ရွာပါလေရော။ ရှိသမျှ စာအုပ်တွေလည်း ရစရာမရှိအောင်စို ရှိစုမဲ့စု calculator လေးလဲ မိုးမိပြီး သုံးမရ ဖြစ်သွားတယ်ဗျာ။ တော်သေးတယ် တစ်ခုထဲသော mp3 ပလေယာလေးကို သေသေချာချာ အိပ်ထဲ ထည့်ထားလို့ သူကတော့ ဘာမှမဖြစ်သွားဘူး။

မိုးတွေရွာတော့ ကျွန်တော် ငယ်ငယ်က အချိန်တွေကို ပြန်သတိရမိတယ်။ ကျွန်တော် ငယ်ငယ်က မန္တလေးတိုင်းက ကျောက်ဆည် ဆိုတဲ့ မြို့လေးမှာ နေကြတာ။ အဲဒီတုန်းက မိုးရွာပြီဆိုရင် စာအုပ်ထဲက အလယ်စာရွက်ဖြတ်ပြီး စက္ကူလှေ ကလေးခေါက်ပြီး ရေထဲမှာ မြောပြီး ဆော့တာ။ နောက် မှတ်မှတ်ရရ မိုးသီးဆိုတာကို နှစ်တန်းနှစ်လောက် မှာ ကျွန်တော်တို့ မြို့လေးမှာ ကျတယ်။ ကျွန်တော်တို့ မြို့လေးက အလယ်ပိုင်းတိုင်းမှာ ဆိုတော့ မိုးက ရွာခဲတယ် ခင်ဗျ။ ရွာပြီဆိုရင်တော့ တစ်နေ့လုံးကို ၀ုန်းဒိုင်းကျဲအောင်ရွာတာ ပြီးတော့ မိုးသီး တွေလည်းကျတတ်တယ်။ အဲဒီတုန်းက တကယ်ကို ပျော်တာ အိမ်အပြင်ထွက်ပြီး အဲဒီ အလုံးလေးတွေ ကောက်ပြီး ၀ါးတာပဲ။ အလုံးလေးတွေက ဖန်ဂေါ်လီလုံးလောက် ရှိတာ လေးတွေဗျ။ အသီးလေး တွေက အေးစက်နေတာပဲ။ အဲဒီ တခါပဲ မိုးသီးနဲ့ ကြုံဖူးတယ် နောက်တော့ ရန်ကုန်ကို ပြောင်းတယ် ရန်ကုန်မှာက မိုးသာ ခဏတိုင်းရွာတာ မိုးသီးတော့ တခါမှ ကျတာ မကြုံရသေးဖူး ခင်ဗျ။ အဲဒီတုန်းက သက်တံ တွေဆိုတာ ကြည့်လို့ကိုမ၀ဘူး။ ရန်ကုန် ရောက်တော့ တိုက် တွေကြားထဲမှာ သက်တံ မြင်ရဖို့ ခဲယဉ်းသွားပြီ။

နောက် အမှတ်တရလေးတွေက ဟိုအရင်က မိုးရေတွေထဲမှာပဲပေါ့ ကျွန်တော့်ရဲ့ ကောင်မလေးနဲ့ မိုးရေတွေထဲမှာ ကျောင်းထဲက လမ်းကလေးမှာ လမ်းလျှောက် ခဲ့ဖူးတယ်။ အဲဒီတုန်းက မိုးတွေကလည်း ကြမ်းလို့ နေ့လယ်လောက် အချိန်က ညနေလို ညလိုကို မှောင်နေတာ။ အဟား ကျွန်တော်က မိုးရွာရင် စိတ်က အလိုလိုပျော်လာတာ။ အဲဒီတုန်းက မိုးတင်မဟုတ်ဖူး လေပါတိုက်တော့ ထီးပါပေမယ့် တကိုယ်လုံးရွဲတာပဲ။ အဲဒီတုန်းက သူက ချမ်းပြီးတုန်နေလို့ ကျွန်တော် ဖက်ထားတော့ လမ်းမှာတွေ့တဲ့ ကျောင်းသူ တစ်အုပ်ကတောင် “ဝေးဝေးသွားလို့ မရအောင် အချစ်ရယ်ဖက်ထားချင်တယ်” ဆိုပြီး စိုးသူ သီချင်းလေးနဲ့ ကျွန်တော်တို့ကို နောက်သွားသေးတယ်။ နောက် ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ရှေ့ကလှေကားမှာ မိုးတိတ်အောင် ထိုင်စောင့်ရင်း ညိုမှိုင်းနေတဲ့ တိမ်တွေကို အတူတူထိုင် ကြည့်ခဲ့ ကြတယ်။ အပြန် ဖယ်ရီပေါ်ရောက်တော့ ကျွန်တော့်မှာပါတဲ့ လက်ကိုင်ပ၀ါလေးနဲ့ သူ့ရဲ့ ဆံပင်လေးတွေက ရေတွေ သုတ်ပေးခဲ့သေးတယ်။ အဲဒါလေးတွေကလည်း ကြာတော့ကြာခဲ့ပေမဲ့ မနေ့တနေ့ ကလိုပါပဲ။ နောက်တော့ သူက လမ်းခွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ တခါတလေတော့လည်း သိပ်ချစ်တာ သူအသိပါကွယ် ဆိုတဲ့ သီချင်းလေး ကြားရင်၊ တခါတလေ မိုးတွေ ညိုမှိုင်းနေခဲ့ရင် ကျွန်တော့် စိတ်တွေက အတိတ်ကို ပြန်ပြန်ရောက်သွား တတ်ပါတယ်။

မိုးတွေရွာရင် အခုထက်ထိကို ကျွန်တော် စိတ်ထဲက ပျော်ပါတယ်။ မိုးရွာရင်လည်း ကျွန်တော် ထီးပါခဲ့လည်း မိုးဖွဲဖွဲလေး ဆိုရင် ကျွန်တော် ထီး မဆောင်းပါဘူး။ မိုးဖွဲဖွဲလေးထဲမှာ ထီးမဆောင်းပဲ လျှောက်သွားရတဲ့ အရသာကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ထီး မဆောင်းလို့ ဖျားတာကလည်း ခဏတိုင်းပါပဲ။ ဖျားလည်း နောက် မိုးရွာရင် မိုးရေထဲ လမ်းလျှောက်တာပါပဲ။ နောက် အိမ်ပြန်ရောက်ရင် ရေချိုးပြီးတာနဲ့ ကော်ဖီ ပူပူလေးနှပ်သောက် ပြီး စောင်ထဲခြုံကွေးတဲ့ ရတဲ့ အရသာကို အရမ်းကြိုက်ပါတယ်။ အိမ်မှာနေတုန်း မိုးရွာရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး လမ်းပေါ်က လူတွေကို ထိုင်ကြည့်ပါတယ်။ တချို့သူဌေးတွေ က golf ထီးကြီးတွေ ဆောင်းလို့ လမ်းလျှောက်နေတာ၊ ဆင်းရဲတဲ့သူ တွေက ထီးမပါဘဲ မိုးရေထဲ လမ်းလျှောက် နေကြတာတွေ၊ ဆိုက်ကားသမားတွေ မိုးကာကုတ် အရှည်ကြီးတွေနဲ့ ဆိုက်ကား အမြန်နင်း သွားကြတာတွေကို ပြတင်းပေါက်ကလေး ကနေ ထိုင်ငေး ရတာကလည်း အရသာတစ်မျိုးပါ။ မိုးတွေရွာတိုင်း ကျွန်တော်ရဲ့ စိတ်တွေက ပေါ့ပါးသွားသလို ခံစားရပါတယ်။ နောက် မိုးရွာလိုက်ရင် ထွက်လာတဲ့ မြေသင်းနံကလေး ကလည်း စိတ်ကို တမျိုးလန်းဆန်း စေပါတယ်။ နောက် စိမ်းနေတဲ့ သစ်ပင်တွေ၊ မြက်ခင်းတွေကလည်း အမြင်အာရုံ ကြည်လင်လာသလို ခံစားရပါတယ်။ မိုးတွေရွာတိုင်း ကျွန်တော်အရမ်းပျော်ပါတယ်။ နောက် ပျော်စရာ အတိတ်တွေကို ပြန်လွမ်းမိတယ်။ နောက် မိုး ရွာလိုက်တိုင်း ဒိုင်ယာရီ စာအုပ် အဟောင်းလေး ကို ပြန်ဖတ်ရသလို စိတ်မှာ ပျော်ရွင်မိပါတယ်။ ။





Related Posts

  • No Related Post

2 Comments so far »

  1. MELODYMAUNG said,

    Wrote on June 23, 2007 @ 12:21 pm

    ကျောက်ဆည်သားလေးလား ယုံပါတယ် ကိုစိုးသူသီချင်းတွေ အရည်ကြိုသောက်ထားကထဲက
    စကားမစပ် ချောလဲချောပုံထောက်တော့ ကိုစိုးသူနဲ့ အမျိုးတောင် တော်သေးလားမသိ :D
    အတည်ပြောမယ် မိုးအကြောင်းရေးထားတာ ပျော်စရာ အတိတ်တွေကိုလဲ ပြန်လွမ်းမိစေပါတယ်

    Like or Dislike: Thumb up 0 Thumb down 0

  2. tayzar said,

    Wrote on June 23, 2007 @ 6:14 pm

    အင်း ပေါ့ အမရဲ့ ကျောက်ဆည်က ပါ။ အမ မလိုင်လုံး စားချင်လို့ဆို နောက်ကျရင် အမဖို့ မြို့ က အပြန် လက်ဆောင်ဝယ်ခဲ့ပေးမယ်။ အမကလည်း ကျွန်တော်က မချောပါဘူးဗျာ သေသေချာချာ ကြည့်ပါဦး။ အမ ကလည်းနောက်တော့မယ် ကျွန်တော်နဲ့ ကိုစိုးသူနဲ့က အမျိုးမတော်ပါဘူး။ စိုးသူ ကျောက်ဆည်မှာ အရင်နေသွားတယ်ဆိုတာတောင် သူများပြောမှ သိတာပါ။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: