ရိုးရာဆင်လှူပွဲတော်
ဒီနေ့တော့ ဘာတင်ရမလဲ စဉ်းစားရင်း ကျွန်တော် ငယ်ငယ်က နေခဲ့တဲ့ မြို့လေးက ပွဲတော်တစ်ခု အကြောင်းရေးဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် နေခဲ့မြို့လေးက မြန်မာနိုင်ငံ အလယ်ပိုင်းက မန္တလေးတိုင်းမှာ ရှိပြီး သူ့ရဲ့ ထွက်ကုန်တွေဖြစ်တဲ့ နေကြာ၊ စပါး၊ သရက်၊ ငရုတ်၊ မြေပဲ၊ ပြောင်း တို့ကြောင့် နာမည်ကြားဖူးရင်လဲ သိနိုင်ပါလိမ့်မယ်။ ရှမ်းရိုးမတောင်ခြေမှာ ရှိပြီး သူရဲ့ ရိုးရာ ဆင် လှူပွဲတော် ကြောင့် နာမည်ကြီးပါတယ်။ မြို့နာမည်က ကျောက်ဆည် လို့ ခေါ်ပါတယ်။
ဆင်လှူပွဲတော်ကို တစ်နှစ်တစ်ခါ သီတင်းကျွတ်လမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ အနော်ရထာမင်း လက်ထက်ကနေစတင် ကျင်းပခဲ့တာ အခုဆိုရင် နှစ်ရာကျော်ခဲ့ပါပြီ။ ဆင်ပွဲတော်ရဲ့ သမိုင်းကတော့ အနော်ရထာမင်းကြီးဟာ သက္ကရာဇ် ၃၇၉ ခုနှစ်မှာ သီဟိုဋ် ဘုရင် ဓာတုသေန မင်းထံကနေ ပင့်ဆောင်ရရှိတော်မူခဲ့တဲ့ ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲ အောက်စွယ်တော် နှင့် စွယ်တော်ပွားများကို ဆင်မယဉ်သာ ဆင်ဖြူတော်ပေါ်ကို တင်လှူ အဓိဋာန်ပြုပြီး လွှတ်တော်မူခဲ့ပါတယ်။
ဆင်မယဉ်သာ ဆင်ဖြူတော်ဟာ ပုဂံ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ ကျောက်ဆည် ရွှေသာလျောင်းတောင် နှင့် ခရွှေတောင် (ပျက္ခရေတောင်) တို့မှာ ဆင်ဖြူတော် ၀ပ်ခဲ့ပါတယ်။ အနော်ရထာမင်းကြီး ဟာ ဆင်ဖြူတော်ဝပ်ခဲ့တဲ့ နေရာ ဌာနတွေမှာ မြတ်စွာဘုရားရဲ့ စွယ်တော်ပွားများကို ဌာပနာပြီး စေတီတော်များ တည်ထားခဲ့ပါတယ်။
အနော်ရထာမင်းကြီးဟာ ကျောက်ဆည်ကို လယ်တွင်း ကိုးခရိုင် အဖြစ်သတ်မှတ်ခဲ့ပြီး ဇော်ဂျီ၊ ပေါင်းလောင်း စသည့်မြစ်ချောင်းများစွာဖြင့် လယ်ယာ ဖွံ့ဖြိုးအောင် တည်ဆောက်ပေးခဲ့ပါတယ်။
အနော်ရထာမင်းကြီးသည်ဆင်ဖြူတော်ဝပ်ရာတွင် တည်ထားခဲ့သော ရွှေသာလျောင်းတောင်ပေါ်ရှိ ဘုရားမှာ ကိုးခရိုင်သူ ခရိုင်သားတွေ ဟာ နှစ်စဉ် ရတနာ ဆင်ရုပ်များ လှူဒါန်းခြင်း၊ ဆွမ်းကပ်လှူခြင်း စသည့် လှူဒါန်းသူများ ကောက်ပဲသီးနှံများ ဖွံ့ဖြိုးပြီး၊ စီးပွားရေးများ အောင်မြင်ပြီး အသက်ရှည်စွာနေနိုင်စေကြောင်း အဓိဌာန်ပြုခဲ့ပါတယ်။ အနော်ရထာမင်းကြီး အဓိဌာန်ကြောင့် နှစ်စဉ် ဆင်လှူပွဲတော်မှာ ခရိုင်သူ ခရိုင်သားများသာ မကပဲ အခြား အရပ်ဒေသများက ပါလာရောက် လှူဒါန်း ပူဇော်ကြလေ့ရှိပါတယ်။
အနော်ရထာမင်းကြီး၏ ဆင်ဖြူတော် ၀ပ်ခဲ့သည်ကို အကြောင်းပြုပြီး နှစ်စဉ် ဆင်လှူပွဲတော်ကိုလဲ ကျင်းပါပါတယ်။ ဆင်ရုပ်ကို ၀ါးဘိုးဝါးများ၊ နှီးများ အသုံးပြုပြီး တည်ဆောက်ပါတယ်။ ဆင်ရုပ်မှာ လူ ၂ ယောက် ၀င်က ရခြင်းဖြစ်ပြီး အရှေ့တွင် တစ်ယောက်၊ အနောက်တွင် တစ်ယောက် ၀င်ရောက်ကပြပါတယ်။ ဆင်များကို ကလေးဆင်၊ သဘာဝဆင်၊ အရိုင်းဆင်၊ အလှဆင်၊ ဘော်ကြယ်ဆင် ဆိုပြီး ခွဲခြား ထားပါတယ်။
ကျွန်တော် အဲဒီမှာ ဆယ်တန်းတက်တုန်းက ဆို အဲဒီက လူငယ်တွေက သီတင်းကျွတ်နီးတာနဲ့ အားလုံး ပိုက်ဆံစုကြပါတယ်.. နောက် ဆင်ရုပ်ချိုးပြီး မြို့နယ်တွေထဲမှာ လိုက်လံက ပြ အလှူခံပြီး သီတင်းကျွတ် လပြည့်နေ့မှာ ဘုရားမှာ ကပ်လှူပူဇော်ကြပါတယ်။ အထူးအဆန်း ရိုးရာပါပဲ.. ကျွန်တော် အဲဒီလို အလှူလုပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဆင်ပွဲ ကျင်းပရာ မြို့ဖြစ်ပေမယ့် မြို့ခံတွေက ဘယ်တော့မှ ဆင်ကတာ ကြည့်ရတာ ရိုးသွားပုံမရပါဘူး။
ဆင်ရုပ်တစ်ရုပ် အတွက် ကုန်ကျငွေဟာ ဆင်ရုပ်ရဲ့ အလှအမ အကုန်အကျခံမှုကို မူတည်ပြီး ၁ သိန်းဝင်းကျင်ခန့်ကနေ ဘော်ကြယ်ဆင်များဆိုလျှင် ၈ သိန်း ၉ သိန်း ၀န်းကျင် အထိကုန်ကျပါတယ်။ ကလေးများကလဲ ကလေးဆင်ရုပ်ချိုးပြီး ကပြကြပါတယ်.. ဆင်အက ပြိုင်ပွဲများကိုတော့ ဆင်အဖွဲ့ တစ်ဖွဲ့မှာ မြန်မာ့ဆိုင်းဝိုင်း တစ်ဝိုင်းနဲ့ အတူ သီတင်းကျွတ်လပြည့် မတိုင်ခင် ၂ ရက်မှာ မြို့ အနှံ့ ပတ်က ပြဖျော်ဖြေပြီး ပြိုင်ပွဲ ၀င်ကြရပါတယ်။
ဒီနှစ် အတွက် ဆင်အက အမှတ်အကဲဖြတ်ဒိုင်တွေက တောင်ခြေ ရွှေသာလျောင်း ကွင်းပြင်၊ ဈေး အနောက်တောင် ဒေါင့်၊ ဈေး အရှေ့မြောက် ဒေါင့်တို့မှာ တည်ရှိတယ်လို့ ကြားရပါတယ်။ ဆင် အက ပြိုင်ပွဲကို ကလေးဆင် အက၊ သဘာဝဆင် အက၊ နတ်ဒိုး ဆင်အက၊ အလှဆင် အက စသဖြင့် သတ်မှတ်ပြီး ပြိုင်ကြရပါတယ်။ ဆုပေးပွဲကိုတော့ သတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ပြီး နေ့လည်ပိုင်းမှာ မြို့ခံလူထုအပြင်၊ ပတ်ဝန်းကျင် ဒေသက လူအများ ပါ ရွှေသာလျောင်းတောင်ပေါ်ရှိ အနော်ရထာမင်း တည်ထားခဲ့သော ဘုရားမှာ အလှူဒါန၊ ကုသိုလ်ပြုကြလေ့ရှိပါတယ်။ ဆင်လှူပွဲတော်ကို ယခုအခါ နိုင်ငံ အနှံက ဘုရားဖူး ဧည့်သည်များသာ မကပဲ နိုင်ငံခြားသား ဧည့်သည်များပါ ရိုးရာ ဆင်အက ကို လာရောက်ပြီး လှည့်လည် ကြည့်ရှုလျက်ရှိပါတယ်။ စာဖတ်သူလဲ အခွင့်အခါ သင့်ခဲ့ရင် ကျောက်ဆည်မြို့က ရိုးရာ ဆင်လှူပွဲတော်ကို လာရောက် ကြည့်ရှုလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ။
ဒီ ဗီဒီယို ဖိုင်လေးက ကင်မရာနဲ့ ရိုက်ထားတာ ဖြစ်လို့ မကြည်တာကိုတော့ ခွင့်လွှတ်ပါ.. ကျွန်တော် ဆင်အက ဗီဒီယို ကြည်တာလေးတွေ နောက်တင်ပေးပါမယ်။
Myanmar Elephant Dance from Htoo Tay Zar on Vimeo









မစ်(စ်)သွန်းသွန်း said,
Wrote on October 20, 2008 @ 4:52 pm
်ကျောက်ဆည် ဆင်အက ကို TV တွေပေါ်မှာပဲ ရင်းနှီးသေးတယ်။ အတော်ကြည့်ကောင်းမဲ့ ပွဲမျိုးပဲ။ အပေါ်က ဆင်နှစ်ကောင် ကနေတာကြည့်ပြီး နွဲ့ယဉ်ဝင်းနဲ့ သံသာဝင်းပဲ ပြေးပြေးမြင်နေတယ်။ ဆင်တွေကလည်း မော်ဒယ်ဆင်ထင်ပါ့။ အလန်းသီချင်းနဲ့မှ ကတာ။
မင်းကျန်စစ် said,
Wrote on October 26, 2008 @ 7:37 am
ကနေတာတော့ တခါမှ အေးအေးဆေးဆေး မကြည့်ဖူးဘူးဗျ။ ခုမှ သေချာကြည့်သွားတယ်။ သီချင်းနဲ့တော့ လိုက်ပး)
သူဇာစိုး said,
Wrote on October 30, 2008 @ 3:48 pm
ကျောက်ဆည် ရိုးရာဆင်လှူပွဲကအရမ်းစည်ကာတာပဲနော်။ အခါအခွင့်သင့်လျှင်သွားရောက်ကြည့်ချင်ပါသည်။
Htoo Tay Zar said,
Wrote on November 3, 2008 @ 7:43 pm
မစ်(စ်)သွန်းသွန်း @ ဟုတ်တယ် ဆင်တွေက နတ်ဒိုးနဲ့လဲ ကတယ် ခေတ်ပေါ်တေးနဲ့လဲက တယ် တော်တော်တော့ ရီရတယ် =)
မင်းကျန်စစ် @ ဟုတ် သီချင်းနဲ့ တော့ လိုက်တယ်ဗျ =)
သူဇာစိုး @ ဟုတ်ကဲ့ သီတင်းကျွတ်လမှာ အခွင့်ကြုံရင် သွားရောက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ =)
အောင်မျိုးဟန် said,
Wrote on August 19, 2009 @ 5:46 pm
ကိုထူး။ ကျွန်တော်လဲ ကျောက်ဆည်အကြောင်းရေးထားတယ်ဗျ။ ခင်ဗျားVideo လေးကျွန်တော့်ဆီမှာယူသုံးထားတယ်ဗျာ။ ခွင့်ပြုမယ် မဟုတ်လား။