Way to Mandalay
ကျွန်တော် ဒီနှစ် အစပိုင်း new year ညကနေ မနက်မိုးလင်းတော့ မန္တလေးကို ခရီးသွားဖြစ်ခဲ့တယ်။ ဦးလေး ဂျစ်ကားနဲ့ပဲ သွားခဲ့တာ.. လှည်းကူး လောက်မှာ လမ်းအသစ်ဖောက်ထားတဲ့ ၈ လမ်းသွားကနေ သွားခဲ့ကြတယ်။ ဒီလမ်းက အသစ်ဖောက်ထားတာ မပြီးသေးဘူး ကားတောင် ဆောက်လုပ်ရေးကား တချို့ပဲ ပေးသွားတာ အဲဒီကနေပြီး သွားခဲ့တယ် လမ်းက အခု လက်ရှိ နေပြည်တော် အထိ ရောက်နေပြီ လမ်းက ၈၀ ရာခိုင်နှုန်းပြီးနေပြီ လမ်းက high way လမ်းဖြစ်လာမှာမို့ ကောင်းအောင် လုပ်ထားတယ်။ အမြန်ပဲ မောင်းလာခဲ့တာ မနက် ၅ နာရီ ရန်ကုန်ကထွက်တာ နေပြည်တော်ကို နေ့လည် ၁၁ လောက်မှာ ရောက်တယ်။

နောက်တော့ ညနေဘက်မှာ ငယ်ငယ်က နေခဲ့တဲ့ ကျောက်ဆည်မြို့ကိုရောက်တယ်။ အဲဒီမှာ စရောက်ခြင်းနေ့ပဲ မီးပျက်တဲ့ ရက်နဲ့ တွေ့တာပဲ။ အဲဒီမှာ ၁ ညအိပ်ပြီး နောက်နေ့ မနက် မန်းလေးကို ဆက်သွားတယ်.. ဦးလေးနဲ့ အဒေါ် အိမ်ကို သွားတယ် ကျွန်တော့် ၀မ်းကွဲ အကို (အမှန်တော့ သူက ကျွန်တော့်ထက် ၁ လပဲကြီးတယ်) က ဆေးဆိုင်ဖွင့်ထားတယ်။ အဲဒီမှာပဲ နေတယ်။ နောက်ရက်တွေမှာ သူ့ဆိုင်ကယ်နဲ့ မန်းလေးကို လျောက်ပတ်ခဲ့တယ်။ အမှန်တော့ အဲဒီကို မရောက်တာ တော်တော် ကြာပြီ ၃ နှစ်လောက်ရှိပြီ.. အဲဒီမှာ မီးလောင်သွားခဲ့တဲ့ ရတနာပုံ ဈေးနေရာလဲ သွားကြည့်ခဲ့တယ်။ ဘေးက Great Wall Plaza ဆိုတဲ့ အရင်က ရွှေဖြူပလာဇာကိုလဲ ဖွင့်ဖွင့်ခြင်းဝင်ကြည့်ခဲ့တယ်လေ။
မြေညီထပ်မှာ ရန်ကုန်ကလိုပဲ Orange Mart ဖွင့်ထားတာတွေ့ရတယ်။ အထပ်က ၄ ထပ်ရှိတယ် အပေါ်ဆုံးမှာက စားသောက်ဆိုင်တွေ အောက်ထပ်မှာက အကျီဆိုင်တွေ၊ နောက် fancy၊ အိတ်ဆိုင်တွေ အစုံပဲ တစ်ခု သတိထားမိတာ အဲဒီမှာ ဆိုင် တော်တော်များများက တရုတ်တွေဖွင့်ထားတယ်.. မူရင်း ဒီမှာနေတဲ့ တရုတ်တွေ မဟုတ်ဘူးထင်တယ်.. အဲဒီသွားရတာ ရွှေလီရောက်နေသလိုပဲ။ နောက်ဆိုင် တရုတ်လူမျိုးတွေ ဖွင့်တဲ့ ပလာဇာကြီးဖြစ်လာမယ် ထင်တယ်။
အဲဒီကနေ နောက 78 Shopping Mall ကို သွားတယ် အဲဒီမှာ မြေညီထပ်မှာ City Mart ရှိတယ်။ ပထမထပ်မှာ No Body Jeans ရှိတယ်.. အဲဒီမှာ အကို ၀မ်းကွဲ အလုပ်လုပ်နေတာ.. သူ့ဝင်နှုတ်ဆက်တယ် နောက် အပေါ်ထပ်တွေမှာ ဖုန်းဆိုင်၊ fancy, shirt ဆိုင်တွေရှိတယ်.. နောက် အပေါ်ဆုံးထပ်မှာတော့ Happy World ကလေး ကစားကွင်းရှိတယ်။ သွားကြည့်ခဲ့တယ် ၀င်တော့ မဆော့ခဲ့ပါဘူး။ ဆိုင်တွေ အစုံရှိတယ် ဈေးကြီးမယ် ထင်လို့ ဘာမှမ၀ယ်ခဲ့ဘူး။ နောက် အီးမေးလ် စစ်ဖို့ အင်တာနက် ကဖေး လိုက်ရှာရတယ်.. ကျုံးဘက်တွေ လိုက်ကြည့်တယ်။ နောက် တစ်ဆိုင်တွေ့တယ် အဲဒီဆိုင်က အောက်ထပ်က ကွန်ပျူတာ ဂိမ်းဆိုင် အပေါ်ထပ်ကမှ ကဖေး အပေါ်ထပ်တက်သွားတော့ စက် အလွတ်တွေ့တယ်.. ဘယ်သူ့ကို ပြောရမလဲ လိုက်ကြည့်တော့ ဘယ်သူမှမတွေ့ဘူး ပြီးတော့ တရုတ်လိုတွေ တရုတ်ထဲ ရောက်နေသလိုပဲ အဲဒါနဲ့ ပြန်ထွက်ပြီး နောက်တစ်ဆိုင်သွားသုံးတယ်။ နောက် မိန်းထဲဘက်ကနေ ပတ်ပြန်လာခဲ့တယ်။

မိန်းဘက်မှာလဲ လူသိပ်မရှိဘူး အရင် မိန်းထဲဝင်တဲ့ မြောက်ဘက်ပေါက်က ကွန်ပျူတာ ဂိမ်းဆိုင်က အခု အင်တာနက် ကဖေး ဖြစ်နေပြီ။ နောက် အဲဒီမှာ နေတော်တော်ပူတယ်ဗျာ.. နောက် မရောက်တာ ကြာလို့ ထင်တယ် ဖုန်အရမ်းပေါလာ သလိုပဲ။ ညဘက်ဆိုရင်တော့ အရမ်းအေးတယ်.. ကျွန်တော့် အကိုနဲ့ ညဘက် ကျုံးဘက်လျှောက်ပတ်တယ် နောက် လျှောက်ပတ်ပြီးမှ ၄၂ လမ်းက အိမ်သွားတယ်။ ၄၂ လမ်းက ဦးလေးတို့ နေတာ အဲဒီမှာ ညဘက် တစ်အိမ်လုံး smack down ညတိုင်း ကြည့်ကြတယ်.. ၁၁ မီးပျက်ရင် မီးစက်နှိုးကြည့်တယ်.. အဘွားက အစ အရင်က ကိုရီးယား ကြည့်နေကြကနေ smack down ဘက် ပြောင်းသွားကြတာ =D ကျွန်တော်လဲ ၀ါသနာ ပါတော့ ညဘက်ကြည့်တယ်။ မနက်ဆိုရင် မန္တလေး မြီးရှည်ကို ယုဒသန် (Judson) Church နားက မန်ကျီးရိပ်ဆိုတဲ့ ဆိုင်မှာ မနက်တိုင်းသွားစားတယ်။ အဲဒီလို မြီးရှည်က မန်းလေးမှာပဲ ရတယ် ရန်ကုန်မှာ ဘယ်မှာမှ ရှာလို့ မတွေ့ဘူး။ ဒီက ဟာတွေက အရသာမရှိဘူး။ နောက်နေ့လည်ဆို မုန်လက်ဆောင်း စားတယ် နောက် အသုပ်တွေ စားတယ် ညနေဆို တုတ်ထိုးစားတယ်။ နေ့တိုင်းပဲ။ မနက်ဆိုရင်တော့ ဘုရားကြီးကို သွားခဲ့တယ်။ ကြေးရုပ်ကြီးတွေ နောက် ခေါင်းလောင်း၊ မောင်းကြီးတွေ မှာ ဓာတ်ပုံသွား ရိုက်တယ်။ နောက်တော့ ကျောက်ဆည်ကို ပြန်ခဲ့တယ်။

ကျောက်ဆည်မှာလဲ အင်တာနက် ကဖေး ၃ ဆိုင် ရှိနေပြီ.. သုံးတဲ့သူနည်းတယ် နောက် ဆိုင်တွေက ဖွင့်သာထားတာ သိပ်နားလည်ပုံ မပေါ်ဘူး။ ကျွန်တော် သုံးတာ ကွန်နက်ရှင်ကျလို့ Gtalk မတက်တာကို နောက်ထပ် Gtalk ထပ်ဖွင့်ပြီး ၀င်တဲ့ အဲဒါဆို ရတယ်ဆိုပဲ။ အဲဒီမှာ ဦးလေးဆိုင်ကယ်နဲ့ မြို့ထဲ လျှောက်ပတ်တယ် မစီးတာ ကြာတော့ မစီးတတ်တော့ဘူး.. တစ်ရက်ကဆို ဦးလေး တစ်ယောက်က ဆက်သွယ်ရေးရုံးသွားပြီး အင်တာနက် သွားသုံးတာ အပြန် ရုံးထဲက အထွက် ညဘက်ရုံး ပိတ်ထားတော့ တံခါးပေါက်ကြီး ပိတ်ထားတော့ ဘေးက လူထွက်ပေါက်က ထွက်တာ အဲဒီရှေ့ရောက်မှ ဆိုင်ကယ်စောင်းပြီး နံရုံနဲ့ ၀င်ပွတ်ခဲ့သေးတယ်။

အဲဒီရက်တွေမှာ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတယ် ကျွန်တော်နဲ့ ကျောင်းတုန်းက ကျောင်းအတူလစ်ပြီး ဂိမ်းဆိုင် အတူသွား၊ မန်းလေး အတူ ခိုးသွားနေကြ ဇော်ကြီးက အခု ၁၀ တန်းအောင် သွားပြီ.. စုစု ကတော့ master ထပ်တက်နေတယ်. အရင် ကျူရှင်တက်ရင် လွယ်အိပ်ထဲ စာအုပ်မပါဘဲ ဘောလုံးပွဲ အချိန် ဇယားနဲ့ ဘောလုံးပွဲနိုင်တဲ့ ပိုက်ဆံ ၂ သောင်းလောက်ပါနေကြ မင်းသူကတော့ စာရေး ၀င်လုပ်နေတယ်။ ကျွန်တော် ဆိုင်ကယ် စီးတတ်ပြီး ၅ ရက်လောက်နေတော့ ကျွန်တော့်ကို ဆရာတင်ပြီး မန်းလေးကိုသွားဖို့ အဖေ ဆိုင်ကယ်ခိုးပေး၊ နောက် မန်းလေးမှာ လမ်းပြောင်းပြန်မောင်း၊ မော်တော်ပီကယ် လိုက်တုန်းက အတူထွက်ပြေးတုန်းက ပါနေကြ သူငယ်ချင်း July က B.Tech တက်နေတယ်။ သူက အခု အဆောင်ပြောင်း နေနေတယ်။ ကျွန်တော်နဲ့ တက္ကသိုလ်က မော်ကွန်းထိမ်း ရုံးခန်းထဲ အတူဝင် သောင်းကျန်း၊ အိမ်အပြန် ကားခ တပြားမှ မကျန်လို့ အတူ ဆယ်ဘီးကား တားစီးနေကြ ဘော်ဒါ ဖိုးဇော်ကတော့ သူ့ sunny လေးရောင်းပြီး ဘယ်ရောက်သွားတယ် မသိဘူး။ မတွေ့ခဲ့ရဘူး။ ကျောင်းနေဘက် သူငယ်ချင်း တချို့ လဲ အိမ်ထောင် ကျတဲ့သူကျ ကုန်ပြီ.. ပါချက်ဆိုတဲ့ ကျွန်တော်နဲ့ ပထမနှစ် အတူတက်ခဲ့တဲ့ ဘိလိယက် ကျွမ်းကျင် ဘော်ဒါကတော့ အခု တတိယနှစ်ရောက်နေပြီ။ ကျွန်တော် တစ်ယောက်တည်းနဲ့ ရက်ကွက်ထဲက အယောက် ၃၀ လောက်နဲ့ ရန်ဖြစ်ခဲ့တုန်းက ကောင်တွေလဲ အခု အရင်လို မမိုက်နိုင်ကြတော့ဘူး။
အမှန်တော့ မြို့က ကျဉ်းပါတယ် ဒါပေမယ့် အခုထိလဲ သိသိသာသာတော့ ပြောင်းလဲ မသွားဘူး။ အရင်လိုပါပဲ ဖုန်တွေနဲ့၊ ဒါပေမယ့် လမ်းတွေက မြို့တွင်းလမ်းတွေ အကုန်လုံး ရန်ကုန်က လမ်းတွေ ထက်ကောင်းတယ်။ ၃ ရက်လောက်နေပြီးတော့ ရန်ကုန်ကို ပြန်ခဲ့တယ်.. အပြန်ကို လိုင်းကားနဲ့ ပြန်ခဲ့တာ လမ်းမှာ ညဘက်တွေမှာ မိထ္ထီလာ၊ ပျဉ်းမနား၊ ပဲခူးတို့မှာ ကားနားတယ်..အပြန်မှာ ရုပ်ရှင် အဖွဲ့ တွေလဲ ပါတယ်။ ဝေဋုကျော်၊ ဆုရွှန်းလဲ့၊ နောက် အခြား ဇာတ်ပို့တွေ၊ ဟာသ သရုပ်ဆောင်တွေ ပါပါတယ်။ မေ့လို့ မာမီတွေလဲ ပါသေးတယ်။ ရန်ကုန်ကို မနက်မှာ ရောက်တယ် အပြန် ကားငှားတာ လန်ဒန်ဆိုတဲ့ နာမည်ရခါစ လူရွှင်တော်နဲ့ အတူတူ ငှားစီးခဲ့တယ်.. သူက ကမ္ဘာအေးမှာ ဆင်းတယ် ကျွန်တော့်ကတော့ အိမ်ဘက်အထိ ဆက်သွားခဲ့တယ်။ အပြန်မှာ ဘာမှ မ၀ယ်ခဲ့ဘူး ဘုရားကြီးက ၀ယ်ခဲ့တဲ့ စိတ်ပုတီးရယ် နောက် လုပ်စရာရှိတာတွေ မှတ်ဖို့ self-stick notepad တစ်အုပ်ပဲ ၀ယ်ခဲ့တယ်။ ဒီ ခရီးက အချိန်သိပ်မရလို့ ကောင်းကောင်းမလည်ခဲ့ရဘူး.. ဒီနှစ်ထဲမှာတော့ ထပ်ပြီးသွားဖြစ်ဦးမှာပါ။ အခုတော့ Way to Mandalay ဆိုပြီး BlackMoore’ Night သီချင်းနာမည် ယူပြီး ရိုက်လာတဲ့ ဓာတ်ပုံတွေနဲ့ မှတ်တမ်း သဘောမျိုးရေးလိုက်ပါတယ်။ ။






ဆုူးလင်းသစ် said,
Wrote on February 1, 2009 @ 4:00 pm
ဝေ့ စိပ်ပုတီးက ငါ့ဖို့လား မသိဘူး….
Like or Dislike:
0
0
ဆုူးလင်းသစ် said,
Wrote on February 1, 2009 @ 4:03 pm
ငါ့က အဲ့လိုသွားချင်တာဟ နင်ကြီးပဲသွားနေတာပဲ….
ညနေဘက် အဲ့လိုလျှောက်သွားချင်တာ ငါ့ကိုဆို လုံးဝမလွှတ်ဘူး…
ရပါတယ် ငါသွားပြီးမှ နင့်ကို ဒိထက်ပိုပြီးကြွားမှာ trip က မော်လမြိုင်လို့ ပြောသံကြားနေပြန်ပြီဟ…. ငါက တစ်ခြားနေရာသွားချင်တာ…
Like or Dislike:
0
0
shin said,
Wrote on February 5, 2009 @ 9:20 am
(မနက်ဆိုရင် မန္တလေး မြီးရှည်သွားစားတယ်။နေ့လည်ဆို မုန်လက်ဆောင်း စားတယ် နောက် အသုပ်တွေ စားတယ် ညနေဆို တုတ်ထိုးစားတယ်။) နာလိုဘူး……….
Like or Dislike:
0
0
Once Again On Yangon-Mandalay High Way | My Burmese Blog said,
Wrote on May 28, 2009 @ 11:26 am
[...] ပထမ အကြိမ်ကလဲ မဖွင့်ရသေးတဲ့ Yangon – Mandalay High Way ကနေ သွားခဲ့တာပါ။ အခုရေးမှာက [...]
Like or Dislike:
0
0
kyaw zin myint said,
Wrote on May 28, 2009 @ 5:21 pm
i also come from kyauk se. i stay minn yee. move to suu gone north. now stay singapore. nice to meet u too.
my phone is *******
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on May 28, 2009 @ 6:44 pm
Nice to meet you too Bro. I’m in Kyauk Se now. =D
Like or Dislike:
0
0