Diary Of Me


ဒီရက်တွေမှာ ကျွန်တော် အတော် ကံကောင်းနေပုံရတယ်။ ပြီးခဲ့တဲ့ အပတ်တွေက Google Buzz ပို့စ်နဲ့ ပြသနာဖြစ်တယ်။ တော်တော်ရှင်းပြီးတော့မှ အဆင်ပြေသွားတယ်။ အခုကတော့ နောက်တစ်မျိုးပေါ့ ကျွန်တော် အားနေမှာ စိုးလို့ထင်တယ်။ ပြသနာထပ်ဖြစ်ပြန်တယ်။ အမှန်တော့ ကျွန်တော်လဲ ဒီရက်တွေမှာ မအားလို့ ပို့စ်လဲ မရေးဖြစ်ဘူး။ အလုပ်ကပြန်လာရင် ဘာမှ မလုပ်နိုင်ပဲ တန်းအိပ်တာများလို့။ အခြား ကိစ္စတွေကြောင့် စိတ်ရှုပ်နေတာလဲပါတယ်။ ပင်ပန်းတော့ စိတ်မရှည်ဖြစ်နေတယ်။ အမှားလုပ်မိဖို့ လွယ်တဲ့ အခြေအနေဖြစ်နေတယ်။

တစ်နေ့က ညီအကို လိုနေလာတဲ့ အကို တစ်ယောက်က လာမေးတယ် facebook မှာ update တွေ ဘာလို့ မြန်မာလို မရေးတာလဲတဲ့။ မရေးတာက ကျွန်တော် အခု ၃ ပတ်လောက်ရှိပြီ အလုပ်အသစ် full time လုပ်နေတာ အလုပ်မှာက စက်ထဲမှာ မြန်မာဖောင့်တော့ သွင်းထားတယ်။ လက်ကွက် သွင်းမထားဘူး။ အမှန်တော့ ကျွန်တော် သွင်းချင်သွင်းလို့ရပါတယ်။ အလုပ်မပြီးမှာ စိုးတာရယ် လက်ကွက် သွင်းထားရင် ဘလော့ဂ်ရေးမိမှာ စိုးတာရယ်ကြောင့် သွင်းမထားတာ။ ဂျီတော့လဲ မဝင်ဘူး တော်ကြာ တစ်ယောက်ယောက် စကားလာပြောရင် အားနာပြီး ပြန်ပြောမိမှာ စိုးလို့။ ဆိုတော့ facebook မှာ update တွေက တင်ရင် english လိုပဲ တင်လို့ရတယ်။ ဒါတောင် facebook ဖွင့်သုံးတာ အလုပ်က မကြိုက်ဖူး။ တင်တယ်ဆိုတာ Twitter နဲ့ facebook ကို ချိတ်ထားပြီး twitter update လုပ်တာနဲ့ အလိုလျောက်တက်အောင် လုပ်ထားတာ။ အလုပ်မှာက Twitter တော့ ပေးသုံးတယ်။ အရင်ကတည်းက Twitter ကို english လိုပဲ တင်တာများတယ် ဘာလို့လဲဆိုတော့ tech news တွေပဲ ညွှန်းဖြစ်လို့ပါ။

ဆိုတော့ ကျွန်တော်မြန်မာလို တစ်ပတ်မှာ ၅ ရက်မရေးနိုင်ဘူး။ အိမ်ပြန်ရောက်ရင်လဲ ကိုယ့်စက်ကို မသုံးအားဘူးဖြစ်နေတာ။ နောက် ကျွန်တော် က အခု အခြားနိုင်ငံမှာ အလုပ်လုပ်နေတာ ထွက်လာတာ မကြာသေးဘူး ဆိုတော့ အဲဒီအကိုကနိုင်ငံခြား ရောက်လို့ စိတ်ကြီးဝင်နေတယ်လို့ ထင်နေပုံရတယ်။ အမှန်တော့ ကျွန်တော့အတွက်နိုင်ငံခြားရောက်လို့လဲ ဘာမှ ထူးခြားမသွားပါဘူး။ ဘာစိတ်ကြီးမှလဲ ဝင်စရာအကြောင်းမရှိဘူး ပြောရရင် ဒီမှာ သူဌေးလာလုပ်တာလဲ မဟုတ်ဘူး ပိုက်ဆံလိုလို့ ကိုယ့်နိုင်သားမဟုတ်တဲ့ သူဆီမှာ အလုပ်သမား လာလုပ်နေရတာ။ ဖြစ်နိုင်ရင် ရန်ကုန်မှာပဲ မိဘနဲ့ အတူနေချင်တယ်။ ခက်တာက ညီ၊ ညီမကိုလဲ အဆင်ပြေအောင် လုပ်ပေးဖို့ကရှိသေးတယ်။ ပြီးတော့ ကျွန်တော်တို့မှာက အဖေက မရှိတော့ဘူး အမေ တစ်ယောက်ထဲ ရှာနေရတာဆိုတော့ ကျွန်တော် ပိုက်ဆံရမှဖြစ်မှာ။ ရန်ကုန်မှာနေတုန်းက အလုပ်ရဖို့ ကိုမလွယ်ဘူး။

ရန်ကုန်မှာတုန်းက freelance လုပ်တယ် အလုပ်အပ်မည့်သူမရှိဘူး ရရင်လဲ ပိုက်ဆံမဖြစ်စလောက်ပဲရတယ်။ လူတွေက web site လိုမျိုးကို လုပ်ရကောင်းမှန်း သိပ်မသိကြသလို၊ ဈေးကွက်ကလဲ ready made template သုံး စာသားပြောင်း ဓာတ်ပုံပြောင်းရင် site ဖြစ် လုပ်နေကြတော့ ကျွန်တော်လို အစအဆုံး ကိုယ်ပိုင်လုပ်တဲ့သူကြတော့ သူတို့နဲ့ မယှဉ်နိုင်ဘူး။ မီးကလဲ မလာဘူး အိမ်မှာကလဲ အင်တာနက် မရှိပဲ ဆိုင်ကနေ လုပ်ရတာဆိုတော့ အခက်အခဲ အရမ်းဖြစ်လို့သာထွက်လာတာ။ အင်တာနက် မီးသာကောင်းရင် outsourcing လုပ်နေတယ်။ မီးကလဲ ပျက်လိုက်လာလိုက်ဆိုတော့ ဟိုတလောက BarCamp အတွက် လုပ်ရင်း battery ပါကြွသွားတယ်။ freelance မလုပ်ပဲ အလုပ်ဝင်မယ်ဆိုတုန်းကလဲ ဆိုဒ်လဲရေးရမယ်၊ စာလဲသင်ရမယ်၊ တစ်ပတ် ၆ ရက်ဆင်းရမယ်.. ညီလေးက အိမ်နီးတဲ့ အတွက် လေးသောင်း ယူဆိုပဲ။

အိုင်တီ အလုပ်မှာ လခ အဲဒီလောက်ဖြစ်နေတာလဲ မဆန်းပါဘူး ဘာလို့လဲဆိုတော့ ရန်ကုန်မှာက သင်တန်းပြီးလို့နိုင်ငံခြား သွားလုပ်မယ့်သူတွေက ဘာလုပ်ကြလဲ ဆိုရင် တစ်လကို ၇ သောင်း ၈သောင်းလောက်ပေးပြီး On Job Training အလုပ်ဝင် နေကြတော့ လုပ်ငန်းရှင်တွေက လခမပေးရဘဲ အလုပ်သမားရနေတော့ ဘယ်သူမှ လခ ထိုက်တန်တာမျိုးမပေးကြဘူး။ အသိတစ်ယောက်ဆိုလဲ MCSE ပြီးလို့ CCNA ဝင်တော့မယ် လုပ်သက် ၄ နှစ်လောက်ရှိတာလဲ ကျွန်တော်လိုပဲ ၄ သောင်းပေးမယ်ပြောတော့ ၂ ယောက်သား ဘာမှကို မပြောပဲ ပြန်လာခဲ့ကြတယ်။ အလုပ်က ရန်ကုန်မှာ ရှားတယ်ဗျ ပြီးတော့ လုပ်မယ်ဆိုရင်လဲ လူတွေက ပိုက်ဆံနဲနဲ နည့် များများလိုချင်တယ် အချိန်တိုတို အတွင်းမှာ ပြီးချင်တယ်။ နောက် တချို့တွေဆို ဘယ်လိုမှ ရှင်းပြလို့ မရဘူး။ printed media တွေလို လုပ်ချင်ကြတာလဲ ရှိသေးတယ်။

ပြောရင်းနဲ့ အခြားတောင်ရောက်သွားပြီ ညီအကိုလို ခင်တဲ့ အကိုကြီးက အဲဒီလိုပြောလာတော့ ကျွန်တော်လဲ စိတ်ထဲမကောင်းဘူး။ ရန်ကုန်မှာ ဘာတွေဖြစ်နေလဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော် ဒီရက်ပိုင်း စိတ်ရှုပ်နေတာရယ်၊ အိမ်ကိုလွမ်းတာရယ်ကြောင့် အမှားတွေလုပ်မိမှာလဲ စိုးတယ်။ ကျွန်တော် ရန်ကုန်မှာ လုပ်တုန်းက အားလုံးလဲ သိပါတယ် အလုပ်မရှိဘူးဆိုတာ။ ကိုယ့်ပိုက်ဆံနဲ့ကို community projects တွေ လုပ်ပေးတယ်။ ပညာဒါန စာသင်တယ်။ ဒီကိုလဲ မမျော်လင့်ပဲနဲ့ ထွက်လာဖြစ်တာ အစက အလည်သက်သက်သွားမလို့ကနေ ဝမ်းကွဲ ဦးလေးက အလုပ်လုပ်မယ်ဆိုတော့ ၁ ပတ်လောက်အတွင်းမှာ ထွက်ဖြစ်သွားတာ။ ဆိုတော့ ဒီရက်တွေမှာ စိတ်ညစ်နေတာတွေများလို့လဲ ဖြစ်မယ် ကျွန်တော် ကိုယ်တိုင်က emotional မို့လဲဖြစ်မယ် အဲဒီ မြန်မာစာ မရေးတဲ့ ကိစ္စက စိတ်ထဲမှာစွဲပြီး နေမကောင်းဖြစ်နေတယ်။ ဒါနဲ့ပဲ ကျွန်တော် facebook ထဲမှာ အဲဒီအကိုတွေရော တော်တော်များများကို block လုပ်လိုက်တယ်။ မဟုတ်ရင် ကျွန်တော် အမှားတွေ လုပ်မိမှာ စိုးတယ်။

ဒီရက်ပိုင်းမှာ အလုပ်ကအပြန်တွေမှာ မြစ်ဘေးနား သွားထိုင်ပြီး ဟိုလျောက်ကြည့် ဒီလျောက်ကြည့် လုပ်နေဖြစ်တယ်။ နောက် ဖုန်းကနေ twitter ကို စိတ်ထဲရှိတာတွေ english လိုပဲ update လုပ်နေဖြစ်တယ်။ ဖုန်းထဲမှာလဲ မြန်မာလိုမရှိပါဘူး။ ဆိုတော့ အရင်က အင်တာနက် ကဖေးမှာ ၁ ရက်မှ ၁ နာရီလောက်ပဲ သုံးတဲ့ သူက ဒီမှာ အမြဲသုံးဖြစ်နေတာရယ် ဖုန်းနဲ့လဲ စိတ်ထဲရှိတဲ့ အတိုင်းတင်ဖြစ်နေတာတွေက သူများ အနှောက်အယှက်ဖြစ်နေပြီ ထင်တယ်။ နောက်ကိုယ့်ကိုယ်ကိုလဲ ပြန်စဉ်းစားတယ် ဒီရက်တွေမှာ သူများကို အမှားသွားလုပ်မိသလား စဉ်းစားတယ်။ ကိုယ့်မျက်ချေးကိုယ်မမြင်တာလဲ ဖြစ်နိုင်တယ် တစ်ခုမှ မတွေ့မိဘူး။ ဟိုးအရင် ငယ်ငယ်ကတည်းက ကျောင်းမှာလဲ အမြဲတစ်ယောာက်ထဲ နေဖြစ်တယ်။ လူတွေနဲ့ သိပ်မပက်သက်ခဲ့ဘူး။

သူငယ်ချင်းတွေနဲ့ လည်း စကားသိပ်မပြောဘူး။ အရမ်းခင်တဲ့ သူငယ်ချင်းဆိုတာလဲ လက်ချိုးရေလို့ရတယ်။ အမှန်တော့ ဘယ်သူမှ perfect ဖြစ်မနေဘူး။ သူများတွေလဲ ဆိုးတာ ရှိသလို ကျွန်တော်ကိုယ်တိုင်လဲ ဆိုးတာတွေရှိတယ်။ သူများတွေနဲ့ အတူမနေဘဲ ကျွန်တော်များသောအားဖြင့် တစ်ယောက်ထဲနေတယ်။ ကျွန်တော် ကိုယ်တိုင်က ပူနေတာ သူများတွေနဲ့ သွားပေါင်းရင် အပူတွေက ပိုများကုန်လိ့မ်မယ်။ လူတွေမှာက လောဘ၊ ဒေါသ၊ မောဟ တွေရှိတယ် မနာလိုတာတွေရှိတယ်၊ အတင်းပြောတာမျိုးတွေရှိတတ်တယ်။ ကျွန်တော်ကိုယ်တိုင်မှာလဲ အဲဒါတွေရှိနေတော့ သူများကို အမှားလုပ်မိမှာ စိုးတာကြောင့် တစ်ယောက်ထဲ နေဖြစ်တော့တယ်။

Gtalk ထဲလဲ မသိတဲ့သူတွေကော သိတဲ့သူတွေကော တော်တော်များများ block လုပ်လိုက်တယ်။ တကယ်လို့ မိတ်ဆွေလဲ block လုပ်ခံရပြီဆို စိတ်မရှိပါနဲ့ ကျွန်တော် စိတ်ညစ်နေတာမို့ သည်းခံပေးပါ။ Facebook, Gtalk တွေမှာလဲ invite လုပ်ရင် မလုပ်ချင် ကျွန်တော့်ကို mail ပို့ပေးပါ စိတ်ကြီးဝင်နေတာတော့ မဟုတ်ဘူး တစ်ခါလာလဲ နာမည်ဘယ်သူလဲ ဘယ်မှာနေလဲတွေ မေးနေကြလွန်းလို့။ ကျွန်တော့်အကျင့်က အဲဒီလိုပဲ စိတ်ညစ်ရင် ပင်ပန်းပြီး ဒေါသဖြစ်လွယ်နေရင် လူတွေနဲ့ ရှောင်နေလိုက်ပြီး တစ်ယောက်ထဲနဲ့ စိတ်တည်ငြိမ်သွားဖို့ ပဲ လုပ်ဖြစ်တယ်။ မဟုတ်ရင် အမှားလုပ်မိဖို့က ရာခိုင်နှုန်းများနေပြီ။ ဆိုတော့ အခုရေးတာကလဲ တောင်းပန်ချင်တာပါ တကယ်လို့မှား block လုပ်ခံထားရရင် ခွင့်လွတ်ပါ ကျွန်တော် အမှားတွေ လုပ်မိမှာ စိုးလို့ပါလို့ တောင်းပန်ချင်တာပါပဲ။ ကျွန်တော် အားလုံးကို အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ပေးခဲ့ပါတယ်၊ ဘယ်သူ့ကိုယ်မှလဲ ချောက်မတွန်းဖူးသလို မလိုအပ်ရင် စကားတောင် ဘာမှမပြောခဲ့ဘူး။ အဲဒီထဲကမှ အမှားပါခဲ့ရင် တောင်းပန်ပါတယ်။



Related Posts

Comments are closed.