Trip To Arakan, Sittwe & Myauk Oo

၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်ကို အလည်အပတ်သွားဖြစ်ပါတယ်။ ခရီးက အမှန်တော့ ထွက်ဖို့ စီစဉ်ထားတာမဟုတ်ပေမယ့် ဦးလေးက အဲဒီဘက်ကို အလုပ်ကိစ္စနဲ့ သွားစရာရှိတာကြောင့် လိုက်သွားဖြစ်တာပါ။ ရခိုင်ဆို ငပလီ၊ သံတွဲဘက် ငယ်ငယ်တုန်းက ရောက်ဖူးပေမယ့် စစ်တွေကိုတော့ မရောက်ဖူးတာကြောင့် ပထမဆုံး အကြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ခရီးသွားနေတယ် ဆိုပေမယ့် ဘလော့ဂ်မှာက schedule post လုပ်ထားခဲ့တာမို့ ကွျန်တော်မရှိပေမယ့် တစ်နေ့ post တစ်ပုဒ်တော့ တက်နေခဲ့ပါတယ်။
စစ်တွေကို သွားဖို့အတွက် ပြည်တွင်းလေကြောင်းလိုင်းမှာ လက်မှတ်ဝယ်ရပါတယ်။ ရုံးက ပန်းဆိုးတန်း အောက်ဘလောက် Strand Hotel နားမှာပါ။ အဲဒီမှာ လေယာဉ်လက်မှတ်ဝယ်ပြီး နောက်ရက်မှာ စထွက်ဖြစ်ပါတယ်။ စစ်တွေသွားမယ့် ဂျက်လေယာဉ်က တစ်စီးတည်းသော လေယာဉ်လို့ သိရပြီး စစ်တွေ၊ အမ်း နဲ့ အခြား မြန်မာနိုင်ငံ အနှံ့ကို ပျံနေတာလို့ သိရပါတယ်။ တော်တော်လဲ အလုပ်လုပ်နိုင်တဲ့ လေယာဉ်ပါပဲ။
စစ်တွေမြို့လေဆိပ်က မြို့နဲ့ နီးပါတယ်။ ပြောရရင် မြို့ထဲလို့တောင် ပြောလို့ ရပါတယ်။ အဲဒီမှာ လေယာဉ်ဆင်းပါတယ်။ စစ်တွေမြို့ဟာ ခဏတိုင်း သတင်းတွေထဲပါနေကြဆိုတော့ အရမ်းကြီးတိုးတက်နေမယ် မျော်လင့်ထားပေမယ့်။ စိတ်ကူးထဲကလို မဟုတ်သေးတာ တွေ့ရပါတယ်။ မြို့မှာ ကိုလိုနီခေတ်က လက်ရာနဲ့ အဆောက်အဦးတွေ အများကြီး ရှိပြီး ရှေးတုန်းက နာရီစင်ကြီး တစ်ခုလဲ တွေ့ပါတယ်။ နောက် စစ်တွေ မြို့မှာ ပင်လယ်ကမ်းခြေလဲ ရှိပါတယ်။ ညနေဘက် တစ်ရက်အရောက်သွားဖြစ်ပါတယ်။ ကံဆိုးချင်တော့ ကင်မရာအပြည့်အစုံယူသွားပြီး မမ်မိုရီကတ်က တည်းခိုဆောင်မှာ ကျန်ခဲ့လို့ ကမ်းခြေရောက်မှ ကားနဲ့ ပြန်ယူရပါသေးတယ်။
စစ်တွေ ကမ်းခြေက သောင်ပြင်အတော်ကျယ်ပါတယ်။ ဒီဘက်ကမ်းနားမှာ ပလပ်စတစ်အိတ် အမိှုက်တွေ အရမ်းများတာကြောင့် လှချင်ရက်နဲ့ ဓာတ်ပုံရိုက်လို့ မရပါဘူး။ ရေစပ်နားမှ ရိုက်လို့ ရတယ်။ ကမ်းခြေနဲ့ တစ်ဖက် ၁ မိုင်လောက် အကွာမှာတော့ view point ရှိပါတယ်။ အဲဒီဘက် ဓာတ်ပုံသွားရိုက်ဖို့ ရောက်ပေမယ့် january လဖြစ်ပြီး ညနေလောက်မှာတင် မြူတွေ အရမ်းကျနေတာကြောင့် ဘာမှ ရိုက်လို့ မရခဲ့ပါဘူး။ View point က ဝင်းဦးကားထဲမှာ ပါဘူးတဲ့ နေရာပါ ဘေးမှာ ကျောက်ဆောင် အလှတွေရှိပါတယ်။ ကိုလိုနီခေတ် အမြောက်တစ်ခုလဲ တွေ့ရတယ်။ တစ်ဖက်က ၄ ဖာလုံလောက် ပင်လယ်ဘက်မှာ ကွျန်းအသေးလေးရှိပြီး အလုပ်လုပ်တဲ့ မီးပြတိုက် တစ်ခုရှိပါတယ်။ မြူတွေကျနေတာကြောင့် ဘယ်လိုမှ ရိုက်မရခဲ့ပါဘူး။
နောက်ရက်တွေမှာ မြောက်ဦး မြို့ဘက်တွေကို ထွက်ဖြစ်ပါတယ်။ လမ်းမှာ ရထားလမ်းဖောက်နေတာကိုတွေ့ရပါတယ် လမ်းက ပုဏ္ဍားကွျန်းမြို့ အကျော်ထိ ရထားပြေးလို့ ရနေပါပြီ။ တစ်ဖက် ကျောက်တော် အထိရောက်အောင် ဖောက်နေတာတွေ့ရပါတယ်။ ကားမောင်းပို့ပေးတဲ့ အကိုကြီးက အဲဒီဘက်မှာ အရင်က သွားရေးလာရေး ခက်ခဲတဲ့ အကြောင်း ပြောပြပါတယ်။ အခုရထား ရှိလာတော့မှာ ၁ ယောက် ၂၀၀ နှုန်းနဲ့ စစ်တွေကို ရောက်ဖူးတဲ့သူတွေ ရှိလာတယ်လို့ ပြောပါတယ်။ အရင်က မိုင် ၂၀ လောက်ပေမယ့် မြစ်တွေ ချောင်းတွေ များတော့ သေသာသွားတယ် စစ်တွေ မရောက်ဖူးသူတွေ ရှိတယ်လို့ ပြောတယ်။
စစ်တွေ မြောက်ဦး ကားလမ်းက လမ်းအတော်ကျဉ်းတာတွေ့ရပါတယ်။ လမ်းမှာ သတိထားမိသလောက် ဆိုင်ကယ်သွားတာတောင် ရှားပါတယ်။ ကွျန်တော် သွားခဲ့တဲ့ အသွားအပြန်မှာ လမ်းမှာ ကျော်ရတာကော၊ မျက်နှာချင်းဆိုင်လာတဲ့ ကားကော ၁၀ စီးလောက်ပဲရှိပါတယ်။ အမှန်အတိုင်းပြောရရင် မတိုးတက်သေးပါဘူး။
သွားရင်းနဲ့ ခရီးတစ်ဝက်လောက်မှာ ကျောက်တော်မြို့ကို ဖြတ်ရပါမယ်။ နောက်တော့ ကုလားတန် မြစ်ကို ဖြတ်ဆောက်ထားတဲ့ ကစ္စပနဒီ တံတားကို ဖြတ်ရပါတယ်။ တစ်ဘက်ကမ်းမှာတော့ တောင်တစ်လုံးရှိပြီး တောင်ပေါ်မှာ ဘုရားတစ်ဆူရှိပါတယ်။ ဒါနဲ့ အဲဒီတောင်ကို ကားနဲ့ တက်ဖြစ်ပါတယ်။ တောင်တစ်တောင်လုံးဟာ မျောက်တွေကို ဘေးမဲ့ပေးထားတာမို့ မျောက်ကောင်ရေ ၁၀၀ ကျော်လောက်ရှိလောက်မယ့် အရေအတွက်ကို တွေ့ခဲ့ ရပါတယ်။ တောင်ပေါ်ကနေ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်ကြပါတယ်။ ကျောက်တောင်ကနေ ၁၀ မိုင်လောက် သွားပြီးတဲ့ အခါမှာတော့ တန်ခိုးကြီး မဟာ မြတ်မုနိဘုရားကို ရောက်ပါတယ်။ ဒီဘုရားဟာ ကိုလိုနီခေတ်က အမြောက်ဆံ လုပ်ဖို့ သယ်ယူခံခဲ့ရတာဖြစ်ပြီး ဘုရားတန်ခိုးတော် နဲ့ အိမ်မက်တွေမျက်မြင်ပြီး နောက်ပိုင်းမှာမှ အဂလိပ်တွေ ကိုယ်တိုင် ဒီနေရာကို ပြန်ပင့်ဆောင်လာတာဖြစ်ပါတယ်။
နောက်တော့ ကွျန်တော်တို့ မြောက်ဦးဘက်ကို ဆက်ထွက်ဖြစ်ကြပါတယ်။ ဘုရားကနေ ကျော်လာတာနဲ့ နောက်ပိုင်းမှာ လမ်းက ပိုကြမ်းလာပါတယ်။ ကျောက်ခဲတွေ ပွစိထနေတဲ့ လမ်းပေါ်မှာ လိှုင်းစီးနေရသလို သွားရပါတယ်။ လမ်းမှာ တွေ့ရတဲ့ တံတားတွေကလဲ ကိုလိုနီခေတ်က ဆောက်ခဲ့ဟန်တူတဲ့ သံဘောင်နဲ့ အနီရောင် တံတားကြီးတွေပါ။ လမ်းကြမ်းကြမ်းကို သွားပြီးရင်တော့ မြောက်ဦးမြို့ကို ရောက်ပါတယ်။
မြောက်ဦးမြို့ဟာ မြို့ထဲမှာ တင်ကို ရှေးဟောင်းဘုရားတွေ အများကြီးရှိတဲ့ မြို့ဖြစ်ပါတယ်။ နိုင်ငံခြားသား တစ်ချို့ တွေ့ရပေမယ့် နည်းနည်းသာရှိပါတယ်။ ပုံမှန်ပြည်တွင်း ခရီးသွားကတော့ လုံးဝ မရှိသလောက်ပါပဲ။ သျှစ်သောင်းဘုရား နဲ့ အခြား ဘုရားတွေ လှည့်ဖူးဖြစ်ပါတယ်။ ဘုရားအများစုဟာ ကိုလိုနီခေတ်မှာ လက်နက်လုပ်ဖို့ အတွက် သယ်ဆောင်လုယူခံရတာကြောင့် အချို့ ကြေးဆင်းတုဘုရားကြီးတွေကို ရွံနဲ့ မံပြီး အုတ်ဘုရားပုံစံ ပြောင်းခဲ့ရတာတွေ၊ မြစ်အောက်ထဲမှာဖွက်ထားခဲ့ကြရတဲ့ သမိုင်းတွေများပါတယ်။ မြောက်ဦးမြို့မှာ နန်းတော်ရာ နဲ့ ပြတိုက်ကိုလဲ လေ့လာလို့ ရပါတယ်။
မြောက်ဦးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှုတွေ လေ့လာလို့ ရတဲ့ မြို့ဖြစ်ပေမယ့် သွားလာရခက်ခဲတာ ကြောင့် နိုင်ငံခြားသားရော ပြည်တွင်း ဧည့်သည်ပါ နည်းဟန်တူပါတယ်။ နောက် အစားအသောက်လဲ ထူးထူးဆန်းဆန်းရှားပါတယ်။ တစ်ညက အထူး ရှားပါး ရေကြက်ဟင်း ဆိုပြီး ကွျန်တော်တို့ကို ချက်ကြေွးပါသေးတယ်။ တကယ်တန်း ပန်းကန်ရောက်လာတော့မှာ ရေကြက်ဆိုတာ ပြည်ကြီးငါး ကင်းမွန် တွေဖြစ်နေတာ တွေ့ရတယ်။ မြို့ရဲ့ နာမည်ကြီး number 1 ဆိုလား စားသောက်ဆိုင်ဟာ စားပွဲ ၄ လုံးသာသာ ပဲဆံ့တဲ့ ဆိုင်သေးလေးဖြစ်နေတာလဲ တွေ့ရပါတယ်။
မြောက်ဦး မြို့မှာ ၁ ည အိပ်ပြီးတဲ့ နောက်တော့ စစ်တွေကို ပြန်ဖြစ်ပါတယ်။ ဒီခရီးစဉ်က ဓာတ်ပုံ ကောင်းကောင်း မရိုကလိုက်ရပါဘူး။ ဆောင်းမကုန်သေးတာကြောင့် ညနေ နဲ့ မနက်မှာ မြူတွေ ထနေတာကြောင့် ရိုက်လို့ မရခဲ့ပါ။ ခရီးစဉ်ဟာလဲ ဖုန်အတော်ထူပါတယ်.. ကင်မရာ မှန်ဘီလူးလဲရင်းနဲ့ ဘယ်နားက အမှုန်မှန်းမသိတာက မှန်အောက်က censor ပေါ်တည့်တည့်တက်ကပ်သွားလို့ ညဘက်အတော် ရှင်းယူလိုက်ရသေးတယ်။ ဒါတောင် မှန်ဘီလူးလဲရင် ကားမှန် အကုန်ပိတ်ထားတာပါ။ စစ်တွေ မှာတော့ မပြန်ခင် ညနေဘက်ထပ်ပြီး view point ထပ်သွားဖြစ်တော့ လေယာဉ်တစ်စင်း ပျံသွားတာ အနောက်ဘက်မှာ အင်ဂျင်အပူရှိန်နဲ့ ရေေငွ့တိမ်တန်းကြီး ဖြစ်ကျန်နေတာတွေ့တာနဲ့ အကြံရပြီး ညီဝမ်းကွဲကို တိမ်တွေ မှုတ်ထုတ်နေတဲ့ ပုံလုပ်ခိုင်းပြီး ရိုက်ခဲ့သေးတယ်။ အဲဒီပုံတော့ သဘောကျတယ် perspective ကော mood ကော ကွက်တိဖြစ်သွားလို့ပါ။ အခုကတော့ အဲဒီ ခရီးစဉ်က ပုံတွေပါ။ ခရီးစဉ်သွားတဲ့ အတိုင်း စီထားတာပါ။ ရှုစားကြပါဦး…


















kma said,
Wrote on April 24, 2011 @ 7:07 am
ပုံတွေ အားလုံး အရမ်းကြိုက်ပါတယ်..။ မျှဝေ ခံစားခွင့်ပေးတဲ့အတွက် ကျေးဇူးပါ ကိုထူးတေဇာ။ မြောက်ဦးကို စင်ရော်မောင်မောင်ရိုက်တဲ့ ပေါ်လစီကားကြည့်ပြီးကတည်းက သွားလည်ချင်နေတာ..။ အခြေအနေပေးရင် တနေ့နေ့ပေါ့လေ..
Like or Dislike:
1
0
Myo Kyaw Htun said,
Wrote on April 24, 2011 @ 8:17 am
ပုံတွေ ကောင်းတယ်။ အဲဒိကို တစ်ခါမှ မရောက်ဖူးဘူး။ နောက်ဆုံးပုံလေးကတော့
Like or Dislike:
1
0
Ye Myat said,
Wrote on April 24, 2011 @ 8:54 am
Great shots bro! Keep it up!
Like or Dislike:
1
0
Sai said,
Wrote on April 24, 2011 @ 10:26 am
ပုံတွေခိုက်တယ်ဗျာ။ အဲဒီဖက်ကို တစ်ခေါက်မှမရောက်ဖူးသေးဘူးဗျာ။
Like or Dislike:
1
0
Wai Pyo said,
Wrote on April 24, 2011 @ 12:16 pm
Love the photos! I’m half Rakhine but never had a chance to go there.
Like or Dislike:
1
0
Mgluaye said,
Wrote on April 24, 2011 @ 2:19 pm
Appreciate for your photos and travel info.
Like or Dislike:
1
0
Khine Khine said,
Wrote on April 24, 2011 @ 5:45 pm
ဓါတ်ပုံတွေအရမ်းကောင်းတယ်. idea လည်းကောင်းတယ်.
keep it up! bro.
Like or Dislike:
1
0
W said,
Wrote on April 25, 2011 @ 1:00 am
bro..very nice photos.. i wish to go and visit there too.. =)
Like or Dislike:
1
0
Jia_Li said,
Wrote on April 25, 2011 @ 12:49 pm
i have been there before .. but landscapes are sublimer in ur photos
..
Like or Dislike:
1
0
zaya said,
Wrote on October 29, 2011 @ 1:19 pm
ဓါတ်ပုံတွေကအလွမ်းကာလာတွေကဲမယ်လို့ထင်ပါတယ်…အရမ်းကောင်းပါတယ်
စစ်တွေ။မြောက်ဦးကို တခါမှ မရောက်ဖူးပေမဲ့ ဓါတ်ပုံတွေကိုကြည့်ရင်း လွမ်းသလိုလိုခံစားရတယ်…
Like or Dislike:
1
0
Yadanar said,
Wrote on February 14, 2012 @ 3:41 pm
ပုံတွေအရမ်းလှတယ်…
ကြည့်ရတာစိတ်ကိုလန်းဆန်းစေတယ်
Like or Dislike:
0
0