
ဂျူလိုင် ၁၉ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ မနက်စောစောပဲ အိမ်ကနေထွက်ပြီး ရွှေဂုံတုိင်ဘက်ကို သွားဖြစ်ပါတယ်။ ဒီနေ့ အတွက် ဓာတ်ပုံရိုက်ဖို့၊ အာဇာနည်ကုန်းသွားဖို့ အဲဒီမှာ ချိန်းထားလို့ပါ။ မနက်စာကို အဲဒီနားက ထမင်းကြော်ဆိုင်လေးမှာပဲ စားဖြစ်တယ်။ အနားတစ်ဝိုက်က ဆိုင်တွေ အားလုံးမှာ အဖြူဝတ် လူကြီး၊ လူငယ် တွေ အများကြီးနဲ့ တွေ့ရပါတယ်။
အဲဒီဘက်ကို အလာလမ်းမှာ ဘုန်းကြီးကျောင်းတစ်ခုမှာ လူစုနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင်တွေ အများကြီးကိုလဲ တွေ့ခဲ့ရပါတယ်။ နောက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဘက်ကို ကိုရဲအောင်သူ၊ အီမို တို့နဲ့ သွားဖြစ်ပါတယ်။ ပထမ လမ်းဒီဘက် အခြမ်းကနေ ရိုက်ရင်း တစ်ဖက်ရုံးထဲဝင်ပြီး မီဒီယာ ကတ်ထုတ်ပေးတာ သွားယူပါတယ်။ နောက် အပြင်ဘက်က လူထုနားမှာ ရိုက်ဖြစ်တယ်။
ရုံးထဲမှာက လူများပြီး အတော်ပူတာကြောင့် အပြင်ဘက်မှာပဲ ရိုက်ဖြစ်ပါတယ်။ အန်တီစုက မနက်အစောပိုင်းက အာဇာနည် ဗိမ္မာန်သွားပြီးပြီ လို့ သိရပါတယ်။ အာဇာနည် ဗိမ္မာန်မှာတော့ ဖိတ်ကြားထားတဲ့ နို်င်ငံခြား သတင်းထောက်နဲ့ ပြည်တွင်းသတင်းထောက်တွေပဲ စာရင်းအတိအကျတက်ရတာမို့ ကွျန်တော်ရိုက်လို့ မရပါဘူး။ အန်တီစုက နောက်တစ်ခေါက်ရုံးပြန်လာပါတယ်။ အဝင်ကားပေါ်က အဆင်းမှာ လူအရမ်းတိုးလို့ ဓာတ်ပုံရိုက်ဖို့ နေနေသာသာ အထဲဝင်သွားတာတောင် မမြင်လိုက်ရပါဘူး။
နောက်တော့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ NLD ခေါင်းဆောင် ဦးတင်ဦး နဲ့ အစရှိသူတွေ အပြင် အန်တီစု ပါ ရုံးချုပ်အရှေ့ဘက်မှာ လူထု နဲ့ အတူ အာဇာနည်ဗိမ္မာန် ရှိရာဘက်ကို ဦးညွှတ်အလေးပြုပါတယ်။ နောက်တော့ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးများကို အမျှပေးဝေကာ ရုံးအတွင်းဘက်ရှိ ခန်းမမှာ အာဇာနည်နေ့ မိန့်ခွန်းများ၊ ကဗျာ များကို ရွတ်ဖတ်ကြပါတယ်။ ဒီနေ့ပွဲကို နိုင်ငံတကာ သံရုံးများကလဲ တက်ရောက်ကြတာတွေ့ရပါတယ်။ ဒီနေ့မနက်မှာ အဆိုတော် ကိုဇေယျာသော် ကိုလဲ တွေ့ရပါတယ်။ ဒါနဲ့ ကြုံတုန်း ဓာတ်ပုံက တွဲရိုက်လိုက်သေးတယ်
အပြင်ဘက်မှာတော့ လူထုတော်တော်များများ နားထောင်ကြပါတယ်။ အပြင်ဘက်မှာ လူထုအပြင် သတင်းထောက်များ၊ အရပ်ဝတ် အာဏာပိုင်များကိုလဲ တွေ့ရပါတယ်။ အဲဒီနောက် အာဇာနည်နေ့အခမ်းအနား ကို ရပ်နားပြီးတဲ့ နောက် ပါတီဝင်တွေကော၊ လူထုတွေကော အားလုံး ၄ ယောက်တစ်တန်းစီနဲ့ အာဇာနည် ကုန်းဘက်ကို ချီတက် သွားရောက်ကြပါတယ်။
လူထုထဲမှာ လူထုထဲမှာ လူကြီး၊ လူငယ်၊ ကျောင်းသူ၊ ကျောင်းသားလေးတွေ၊ ကလေးတွေ အစုံပါတာတွေ့ရပါတယ်။ မိသားစုလိုက် သွားတာတွေလဲ တွေ့ရပါတယ်။ ကွျန်တော်လဲ နောက်ကလိုက်ပြီး ဓာတ်ပုံရိုက်တာ လင့်လမ်းထိပ်အကျော်မှာတော့ စစ်ဆေးရေးစခန်းရှိတာမို့ အဲဒီအဝင်ဝနားမှာပဲ နောက်ဆုံး ရိုက်ခဲ့ပါတယ်။ အဒီ စခန်းမှာ အာဇာနည်ကုန်းကို လာရောက် ဂါရဝ ပြုသူတွေအားလုံးကို ပစ္စည်းစတာတွေ မယူဖို့ စစ်ဆေးတာဖြစ်ပါတယ်။ အထဲကို မီဒီယာတွေလဲ ဝင်လို့ မရပါဘူး။ ဒါနဲ့ပဲ အဲဒီမှာ နောက်ဆုံးရိုက်ပြီး အိမ်ပြန်ကာ ဓာတ်ပုံတွေ ဗီဒီယိုတွေ တင်ဖြစ်ပါတော့တယ်။
ဒီနေ့မှာ ထူးထူးခြားခြားအနေနဲ့ အာဇာနည်နေ့ ဥဩဆွဲသံ ပထမဆုံး ကြားဖူးပါတယ်။ ကံကောင်းချင်တော့ အလေးပြုတဲ့ အချိန်မှာ ဗီဒီယို ရိုက်လိုက်နိုင်ခဲ့ပါတယ်။ အမှန်တော့ ခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတာပါ။ ဒါပေမယ့် ဒီနေ့ ဗီဒိယို တွေ ပုံထွက်တွေကို သဘောကျတယ်။ ပိုက်ဆံတပြားမှ ရခဲ့တာမဟုတ်ပေမယ့် ပီတိတော့ ဖြစ်မိပါတယ်။ ရှု့စားကြပါဦး။
တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်ပေးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုပါတယ်။
ကျေးဇူးပြုသောအားဖြင့် ကွျန်တော် ဒီနေ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယိုများကို မည်သည့်မီဒီယာ၊ ဝဘ်ဆိုဒ်၊ ဘလော့ဂ်များတွင်မှ ပြန်လည် ကူးယူတင်ပြခြင်းခွင့်မပြုနိုင်ပါဘူး ခင်ဗျာ။ ကွျန်တော့်အနေနဲ့ မည်သည့် အဖွဲ့အစည်း သတင်း၊ မီဒီယာ တွေအတွက် ရိုက်ကူးထားတာမဟုတ်တဲ့ အတွက်ပါ။ အခကြေးေငွယူ ရိုက်ကူးခြင်းမဟုတ်ပဲ ဝါသနာအရ ကိုယ်ပိုင် ဘလော့ဂ်မှာ ပြန်လည်တင်ပြရန် အခက်အခဲများကြားမှ ရိုက်ကူးထားခြင်းဖြစ်ပါသည် မီဒီယာများအနေနှင့် ကျင့်ဝတ်စောင့်ထိန်းပေးပါရန် မေတ္တာ ရပ်ခံပါသည်။
Notice ~ စာဖတ်သူများ ဖြစ်နိုင်ရင် ကွျန်တော့် Facebook Blog Fan Page မှာ Like လုပ်ထားစေချင်ပါတယ်။ သတင်းအသစ်တွေ သတင်းထူ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဘလော့မှာထက် Facebook fan page မှာ တင်ရတာပိုမြန်လို့ပါ။ Vimeo မှာ ချက်ချင်းတင်ရင်တောင် နာရီက်ကေျာ်လောက် approval process ကိုစောင့် ရတာ တော်တော်ကြာလို့ပါ။ နောက် Twitter မှာ follow လုပ်ထားစေချင်ပါတယ်။




















