
မနေ့က 14 August မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး နိုင်ငံရေးခရီးစဉ်နဲ့ ပဲခူးကို လိုက်ဖြစ်ပါတယ်။ အစက ကွျန်တော်နဲ့ ကိုရဲအောင်သူ နဲ့ တောင်ပြုန်းသွားဖို့ စဉ်းစားထားတာ မသွား ဖြစ်ခဲ့ဘူး။ ညဘက် အထိကွျန်တော်က လိုက်ဖြစ်ဖုိ့ မသေချာသေးဘူး ကားကလဲလူများလားမသိ မနက်မှာ မလိုက်ဖြစ်ရင် Canon Club နဲ့ လိုက်ပြီး မော်ဒယ် ရိုက်တော့မလားလို့။ နောက်တော့လဲ လိုက်ဖြစ်သွားပါတယ်။
မနက် ၄ နာရီကျော်ကျော်မှာ အန်တီစု အိမ် အရှေ့ဘက် စုရပ်ကိုရောက်ပါတယ်။ ရှေ့မှာ ကား ၂၀ ကျော်လောက်ရှိတယ်။ အများစုက သတင်းဌာနတွေကပါ။ ကွျန်တော်တို့က ကားမရှိတော့ အဲဒီအချိန်တော်တော် အခက်တွေ့နေခဲ့တယ် ဘယ်ကားနဲ့ လိုက်လို့ရမလဲ မသိရဘူး။ နောက်တော့မှ ကိုမိုးလိှုင်ည ကသူ့ မိတ်ဆွေတွေကားမှာ လိုက်ပြောပေးလို့ လိုက်ခွင့်ရခဲ့တယ်။
မနက်လင်းခါစမှာ အင်းလျားလမ်းဘက်ကနေ ပြည်လမ်းတစ်လျောက် စထွက်ပါတယ်။ လမ်းမှာ အာဏာပိုင်အဖွဲ့အစည်းတွေ ကောင်းမှု့နဲ့ အေးအေးဆေးဆေး သွားခွင့်ရခဲ့တယ် မီးပိွုင့်တွေ စောင့်စရာမလိုခဲ့ဘူး။ လမ်းတစ်လျောက်မှာတော့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့သူတွေ ဓာတ်ပုံရိုက်တာ၊ စာအုပ်နဲ့ ရေးမှတ်နေတာတွေ နေရာတိုင်းတွေ့ရပါတယ်။
မှော်ဘီနားမှာ တစ်ချက် ကွျန်တော်တို့ ကားက အန်တီစုကားကိုတောင် ကျော်သွားခဲ့သေးတယ် ဒါကြောင့် ဗီဒီယိုရိုက်ခွင့်ရလိုက်တယ်။ အမှန်တော့ မကျော်သင့်ဘူးပေါ့ ယဉ်တန်းကနေ ဒါနဲ့ ကားသမားကို သတိပေးလိုက်ပြီး နောက်ဘက်ကနေပဲ အေးဆေးလိုက်ခဲ့တယ်။ ထောက်ကြန့် ဘက်မှာတော့ နယ်ခံ NLD အဖွဲ့တွေ ကားတစ်စီးနဲ့ ထပ်လိုက်ပြီး ထပ်တိုးလာတာတွေ့ရတယ်။
လမ်းမှာ ကံဆိုးချင်တော့ ကွျန်တော်တို့ စီးလာတဲ့ ကား ရန်ကုန် မန်းလေး အဝေးပြေးလမ်းသစ်ကြီးရဲ့ မိုင်တိုင် ၁၅ မိုင် ၅ ဖာလုံမှာ ပျက်တယ်။ ကားပေါ်မှာက ကွျန်တော် ရယ် ဒရိုင်ဘာအပါအဝင် ၆ ယောက်ပဲပါတာ။ ကားက ရေတွေ အရမ်းပူပြီး လုံးဝနိှုးမရတော့ဘူး။ နောက်တော့ ရန်ကုန်က အစားတစ်စီးကို ဒရိုင်ဘာက ဖုန်းဆက် အကူအညီတောင်းပေးတယ်။ ဒါနဲ့ ပဲခူးကို ရမ်းပြီးလိုက်ရတော့တယ်။
အမှန်က အန်တီစုက ပဲခူးမှာ ဘုရားဖူးမယ် နောက် ဘုန်းကြီးဆွမ်းကပ်မယ်လို့ မနက်က ကိုစိုးကြီးပြောထားတာ သိရတယ်။ အဲဒါတွေ မမှီလောက်တော့ဘူးဆိုတာ သေချာနေလို့ သနပ်ပင်ကိုပဲ တန်းလိုက်တော့တယ်။ ရမ်းပြီးသွားတာ ဟိုရောက်တော့ မှီတယ်ဆိုရုံလေးပါပဲ အဲဒီမှာ အောင်ဆန်းဂျာမွန် နာမည်နဲ့ စာကြည့်တုိက်သွားဖွင့်တာပါ။ ဘာမှမမှီလိုက်ဘူး ပြန်အထွက်လေးတင် ဓာတ်ပုံ နည်းနည်းနဲ့ ဗီဒီယိုပဲရိုက်လိုက်တော့တယ်။ နောက်တော့ ကားဆီပြန်ပြေးရတယ် လမ်းကြုံလိုက်ရတာဆိုတော့ မစောင့်ပဲထားခဲ့ရင် ရူးမှာလေ။
နောက်တော့ ပဲခူးမြို့ကို ပြန်ပါတယ်။ လမ်းမှာ လူတွေတော်တော်များများကို ထွက်ပြီး လက်ပြနှုတ်ဆက်ကြတယ်။ ပဲခူးထဲဝင်တော့ အများကြီးဖြစ်နေပါပြီ နှုတ်ဆက်တဲ့သူတွေ ရှိတယ်ကားပိတ်ပြီး ပန်းစည်းပေးတဲ့သူတွေလဲ အများကြီးမြို့ခံတွေ ဆိုင်ကယ်တွေနဲ့ လိုက်ကြပါတယ်။ ကားတန်းတစ်ခါပိတ်တိုင်း ကွျန်တော်တို့ ရှေ့ဆုံးပြေးပြီး အန်တီစု ကားနဲ့ ဘေးကလူတွေပုံခဏတိုင်းပြေးရိုက်ရတယ်။ လူငယ်တွေကော မိန်းကလေးငယ်တွေက အစ လိုက်ပြီးနှုတ်ဆက်နေကြတယ်။ ကြက်သီးတောင်ထမိတယ် ဒါမျိုး မမြင်ဖူးဘူးလေ။
အာဏာပိုင်အဖွဲ့အစည်းတွေ၊ မီးသတ်၊ ရဲတွေကလဲ ဆိုင်ကယ်တွေ ယာဉ်သွားလမ်းတွေ ထိန်းပေးကြပါတယ်။ ကားတွေ ဆိုင်ကယ်တွေ လူတွေ ကြားထဲမှာတော့ ကားတန်းရပ်သွားတိုင်း ပြေးပြီး ဓာတ်ပုံရိုက်ကြ သတင်းယူကြတဲ့ မီဒီယာသမားတွေ တစ်ရုံးရုံးနဲ့ပေါ့။ တော်တော်တော့ ပင်ပန်းပါတယ် ကွျန်တော်ကော ကိုရဲအောင်သူကော မနက်စာ မစားခဲ့ရဘူး တစ်နေကုန်ရေတောင် မပါလို့ မသောက်ရဘူး။ ကင်မရာကိုလဲ လက်တစ်ဖက်နဲ့ လူတိုးရင်းကိုင်ရိုက်ရ နောက် ကားနောက်မှာ ခိုပြီး လက်တစ်ဖက်နဲ့ ရိုက်ရနဲ့ ကြာတော့ လက်ကကင်မရာမနိုင်တော့ပဲ တုန်ကိုနေတယ်။
နောက်တော့ အန်တီစုက ပဲခူးမြို့ထဲမှာ လဲ အောင်ဆန်းဂျာမွန် အမည်နဲ့ပဲ စာကြည့်တုိက်ဖွင့်ပါတယ်။ အဲဒီမှာတော့ တော်တော်ကြာပါတယ် အန်တီစု မိန့်ခွန်းပြောပါတယ်။ နောက် အဲဒီ စာကြည့်တိုက်ဖွင့်ထားတဲ့ အိမ်ကနေပြီးတော့ပဲ နေ့လည်စာ ကွျေးမွေးပြီး ဆွေးနွေးပွဲပြုလုပ်ပါတယ်။ သတင်းသမားတွေကိုလဲ နေ့လည်စာကွျေးပေးပါတယ်။ ဒီနေ့မှာ နိုင်ငံခြားသတင်းထောက်တွေကော သံရုံးတွေကပါ ကားတွေနဲ့ လိုက်ပါတာကို ခရီးစဉ်တစ်လျောက်တွေ့ရသလို။ နိုင်ငံခြားက Reuters, AFP, AP လိုသတင်း ဌာနတွေ မှာ satellite Internet, phone တွေနဲ့ တိုက်ရိုက် ပုံတွေ တင်ပြီး သတင်းပို့နေကြတာကိုလဲ အားကျစရာတွေ့ရတယ်
နောက်တော့ အဲဒီကနေ ပဲခူးမြစ်ကိုဖြစ်ပြီး အနောက် ရွှေနံသာကျောင်းတိုက်မှာ ရေဘေး ဒုက္ခသည်တွေကို ဆန်၊ ပဲ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ လှူတာ လိုက်ဖြစ်ပါတယ်။ အဲဒီမှာလဲ ပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်စကားပြောတာတွေ့ရတယ်။ ကွျန်တော်ကတော့ အဲဒီအချိန် လူကိုမတိုးနိုင်တော့လို့ အပြင်ဘက်နားက ရေဘေး ဒုက္ခသည် မိန်းမကြီးတစ်ယောက်ကိုပဲ မေးခွန်းတစ်ချို့ မေးကြည့်ဖြစ်ပါတယ်။
Please do not re-upload and air on any kinds of media, web sites without my permission. Please share the vimeo link or this blog post link. Thanks.
သူအဖြေအရဆိုရင် လက်ရှိကျောင်းထဲမှာ ရေဘေး ဒုက္ခသည် ၂၀၀၀ ကျော်လောက်ရှိမယ်လို့ ပြောပါတယ်။ တကယ်တန်း ရေကြီးတဲ့နေရာတွေမှာ အိမ်ထောင်စု ၅၀၀၀ ကျော်လောက် ဒုက္ခရောက်ပြီး ဒီလို ဘုန်းကြီးကျောင်းတွေမှာ တာလပတ်တွေမိုးပြီး ဖြစ်သလို နေနေရတယ်လို့ သိရပါတယ်။ နေ့တိုင်း အလှူရှင်တွေ တတ်နိုင်သလောက် လာလှူတာရှိတယ်လို့ သိရတယ်။ ရေကြီးတဲ့ အဖြစ်မှာ လူအသေအပျောက် ရေမြောတာ အနည်းငယ်ရှိတယ်လို့လဲ သိခဲ့ရပါတယ်။ နောက်တော့ ကားက အဲဒီကနေပြန်ထွက်အပြီး ရန်ကုန်ကို ပြန်ဖြစ်ပါတော့တယ်။
လမ်းမှာ နယ်ခံ ပြည်သူတွေကော အခြား NLD ပါတီဝင်တွေပါ မြို့အထွက်ထိ ဆိုင်ကယ်တွေ ကားတွေနဲ့ လိုက်နှုတ်ဆက်တာတွေ့ရပါတယ်။ မနေ့ကတော့ တော်တော်လေး ပင်ပန်းခဲ့ပါတယ်ဒါပေမယ့် ကျေနပ်ပါတယ် အန္တရာယ်ကင်းကင်းနဲ့ ပြီးဆုံးသွားခဲ့တဲ့အတွက် အာဏာပိုင်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ မနေ့က အပြန်လမ်းမှာ ညဘက် blog တင်ရမယ်ဆိုပြီး အားမွေးရမယ်ဆိုပြီး အတင်းအိပ် နားခဲ့ပေမယ့် ပြန်ရောက်တော့ အခြား ဂျာနယ်လစ် ဘော်ဒါ ၂ ယောက်ကလဲ မတင်ဖို့ ပြောတာကြောင့် မတင်ပဲ အခြေအနေ ကြည့်လိုက်ပါတယ်။ နောက်တော့ ဒီနေ့မှာ the Voice, Eleven လို ဆိုဒ်တွေက တင်ပြီဆိုတော့မှ တင်ဖြစ်ပါတယ်။
မနေ့က အမှားအသစ်တွေ ထပ်ကြုံခဲ့ရတယ်။ ပထမဆုံးက စီးလာမိတဲ့ ညှပ်ဖိနပ် အပါးပဲ တကယ်တန်း ပြေးလွှား ဓာတ်ပုံရိုက်ရတဲ့ အချိန် ခရီးမတွင်ဘူး၊ ဝယ်ထားတာ မကြာသေးဘူး သဲကြိုးရှည်ထွက်လာပြီး ပြတ်မလိုဖြစ်သွားပြီ၊ နောက်ဆို ကြိုးစီးစရာမလိုတဲ့ van လိုမျိုးစီးရမယ်။ The Voice က ကိုမိုးကျော်ကြီးဆို ဖိနပ်တောင် မပါဘူး ပြေးနေရတာ ဗွက်တွေထဲ နောက် ကွျန်တော်တို့ ကားပေါ်ကို ပြေးတက်လိုက် ဆင်းလိုက် လုပ်ရတာလဲ အကြိမ်ကြိမ်ပဲ။
နောက်ကျင့်ရမှာက ကင်မရာကို လက်တစ်ဖက်နဲ့ အပေါ်ထောင်ပြီး ၁ နာရီလောက် ရိုက်တတ်ဖို့ ကျင့်ရမယ်။ မနေ့က ပဲခူးက စာကြည့်တိုက်ရှေ့က အုန်းပင်ကိုဖက်ပြီး အန်တီစု နေ့လည်စာစားပြီးထွက်လာတဲ့ အထိ လူအုပ်ကြားထဲမှာ ခြေတစ်ဖက်ပဲထောက်အားပြုပြီး ၄၅ မိနစ်လောက် ရပ်လိုက်ရတယ်။ နောက် အိမ်အမိုးအောက်နဲ့ အပြင်ပြန်ထွက်တဲ့ အချိန်တွေမှာ M နဲ့ ရိုက်တော့ setting တွေ ပြောင်ဖို့မေ့တတ်တာရှိတယ်။ ကင်မရာက ၂ လုံးမရှိတော့ wide တပ်ထားတဲ့ အချိန် zoom တွေလွတ်တာရှိတယ် ဒါကတော့ ကင်မရာ ၂ လုံး ရှိမှရှင်းမှာပဲ။ CF Card class 10 မဝယ်နိုင်တော့ ဗီဒီယုိမိန့်ခွန်းတင်ပေးဖို့ ရိုက်ထားတာ ၃ မိနစ်စာကျော်ကျော်မှာ မနိုင်တော့ပဲ လုံးဝပြုတ်ကျသွားခဲ့တာ ရှိတယ်။ လကုန်ရင်တော့ ဝယ်မှဖြစ်မယ်။
ဒီနေ့တော့ ဓာတ်ပုံတွေပြင်ပြီး ညကတည်းက မတင်တော့ဘူးဆိုပြီး လုပ်ထားတဲ့ ဗီဒီယုိလေးပါ vimeo မှာတင်ဖုိ့ edit လုပ်လိုက်တယ်။ အရင်လိုမဟုတ်တော့ဘူး ကြောက်သွားလို့ ဗီဒီယိုမှာ အရင်လို အစနဲ့ နောက်ဆုံးပဲ copyright စာသားထည့်တာကနေ အခု အတွင်းဘက်က footage တွေမှာပါ စာတန်းပြေးထားလိုက်တယ်။ သူခိုးတွေကို ကြောက်လို့ပါ။ ဒီနေ့တော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို မလှုပ်နိုင်ဘူး။ မနေ့က ပုံတွေ အတွက်တော့ သဘောကျတယ် အတွေ့အကြုံသစ်ပေါ့။
နိုင်ငံရေးသမား မဟုတ်သလို အတိုက်အခံမီဒီယာတွေကော အခြားပြည်ပ မီဒီယာတွေ အတွက်မှ လုပ်နေတာမဟုတ်ပေမယ့် အရင်ရက်တွေကတည်းက နိုင်ငံရေးပွဲတွေ ရှိတိုင်း သွားမရိုက်ဘူးလားဆိုပြီး လာမေးနေတဲ့သူတွေ စကားလာအစ်နေတဲ့သူတွေ ရှိလို့ နောက်တစ်ခေါက်တော့ ဝေးဝေးနေလိုက်ဦးမယ်ဗျာ။ သတင်းဓာတ်ပုံ ဝါသနာပါလို့သာ ရိုက်နေပေမယ့် သိပ်ပြီး စိတ်နေလို့ ကလဲ မကောင်းဘူး အခြား နိုင်ငံရေး လွတ်တဲ့ ပုံလေးတွေပဲရိုက်နေဦးမှ ဖြစ်မယ်။



























Congratulation Bro!
လက်ရှိအခြေအနေကို အမှန်အတိုင်း ဖော်ပြနိုင်တဲ့ ဓါတ်ပုံသတင်းသမားတစ်ယောက် အဖြစ် အောင်မြင်ပါစေ …
Well-loved. Like or Dislike:
4
0
Very nice shots and Thanks for your sharing photos of Aunty Su.
Like or Dislike:
0
0
You are a good photo journalist.
Like or Dislike:
1
0