What is STANDARD ?

standards

STANDARD ဆိုတဲ့ စကားလုံးကို မြန်မာလို အားဖြင့် အဆင့်အတန်း ဒါမှမဟုတ် စံသတ်မှတ်ချက် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရက်ပိုင်း တွေးမိနေတဲ့ အတွေးတွေက ကျွန်တော်တို့မှာ စံသတ်မှတ်ချက် ဆိုတာကော ရှိရဲ့လားပေါ့။ မနေ့ညက အိမ်အပြန်လမ်းမှာ တွေ့တဲ့ လမ်းဘေးက ကားတွေ ကြည့်ရင်းလဲ စဉ်းစားမိတယ် ဒီကားတွေ ဘယ် စံသတ်မှတ်ချက်နဲ့ သွင်းနေတာလဲ။ ကျွန်တော်တို့ ဆီမှာ အခုဆို ဒီမိုကရေစီစနစ်အရ လွှတ်တော်ဆိုတာတွေလဲ ပေါ်လာပါပြီ။ မြန်မာပြည်အတွက် လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာ မှန်ပေမယ့် စံသတ်မှတ်ချက်တွေ လွှတ်တော်မှာ ဆွေးနွေးတာ ခုထိမတွေ့ရသေးဘူး။ ကျွန်တော်အနေနဲ့ ကတော့ စံသတ်မှတ်ချက် မရှိသရွှေ့ အဆင့်အတန်း မရှိသေးတဲ့ သူအဖြစ် ခံယူမိနေဦးမှာပါပဲ။

ကျွန်တော် မသိတာတွေ အများကြီးရှိပါတယ်။ မရှိလို့ မသိတာဖြစ်နိုင်သလို ကျွန်တော် မလေ့လာလို့ မသိတာလဲဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စံသတ်မှတ်ချက်ကို ထိန်းသိမ်းစိစစ်ပေးမယ့် အဖွဲ့တွေ အားနည်းလို့ ဒါမှမဟုတ် အလုပ်မလုပ်လို့ လဲဖြစ်နိုင်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ မသိလို့ မေးချင်တာတွေ ရှိနေတယ်….

မြန်မာနိုင်ငံ ရဲ့ လျှပ်စစ်သုံး ပစ္စည်းတွေရဲ့ adapter plug ခေါင်းက စံသတ်မှတ်ချက်က ဘာပါလဲ။ သုံးချောင်းခေါင်းလား၊ ၂ ချောင်းခေါင်းလား၊ အလုံးလား၊ လေးထောင့်လား ? ကျွန်တော်တို့မှာ ခုထိ အဲဒီအတွက် စံသတ်မှတ်ချက်ရှိရဲ့လား ထိုင်းက တစ်မျိုးသွင်း၊ တရုတ်က တစ်မျိုးသွင်းနဲ့ ကျုပ်တို့ နိုင်ငံကို ပေါက်ကရတွေ ပေးသွင်းနေတော့မှာပဲလား။ မနှစ်က Singapore BarCamp မှာ တုန်းက ရန်ကုန်ကို လာတက်ဖူးတဲ့ နိုင်ငံခြားသားတစ်ယောက် ပြောသွားတယ် မြန်မာနိုင်ငံ ဘားကမ့်က နိုင်ငံတကာက တက်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးထားတယ်တဲ့ plug ခေါင်း မျိုးစုံ တပ်လို့ရတဲ့ electrical outlet တွေထားပေးထားတယ် ဆိုပြီးပြောသွားတယ်။ အမှန်တော့ သူမသိသွားဘူး မြန်မာပြည်ကလူတွေ ခေါင်းမျိုးစုံနဲ့ ပစ္စည်းတွေ သုံးနေတယ်ဆိုတာ… စံနှုန်းမရှိတာလား ရှိပြီးသားကို စစ်ဆေးမယ့် အဖွဲ့ မရှိတာလား။

မြန်မာနိုင်ငံရဲ့ မော်တော်ကား စတီယာရင် စံသတ်မှတ်ချက်က ဘာပါလဲ ဘယ်ဘက်မှာ ရှိသင့်တာလား၊ ညာဘက်မှာ ရှိသင့်တာလား ? မနေ့ညက အိမ်အပြန် လမ်းဘေးက ကားတွေ ကြည့်မိတယ် ကားတွေရဲ့ စတီယာရင် က ညာဘက်ရှိတဲ့ ကားကော ဘယ်ဘက်ရှိတဲ့ကားတွေကော အကုန်ရောနေတယ်။ ပုံမှန် ညာမောင်း စနစ် ဖြစ်တဲ့ မြန်မာနိုင်ငံ အတွက် ကောင်းတာကတော့ ဘယ်ဘက်မှာ စတီယာရင် ရှိရင် ကားလဲ ကျော်ရလွယ်ပြီး ကောင်းတာပေါ့။ ဒါပေမယ့် စံစနစ်ရှိပါရဲ့လား အခုအသစ်ပေးသွင်းမယ့်ကားတွေကော နောက်ကျရင် ဝင်လာမယ့် ကား company တွေရဲ့ အရောင်းပြခန်းက ကားတွေ အတွက်ရော စံစနစ် သတ်မှတ်ထားပြီးပါပြီလား။ ဘယ်၊ ညာ မျိုးစုံနဲ့ သူများနိုင်ငံက စီးပြီးသား အဟောင်းတွေကို အသွင်းခံကြတော့မှာပဲလား။ လူသာညီခဲ့ရင် ဘယ်ကား company မှ မြန်မာနိုင်ငံကို အဲဒီလို ဘယ်တွေ ညာတွေနဲ့ ပေါက်ကရဟာ မသွင်းရဲပါဘူး မြန်မာနိုင်ငံစံသတ်မှတ်ချက် အတိုင်းသွင်းကြမှာပါပဲ။

မြန်မာနိုင်ငံရဲ့ ကွန်ပျူတာသုံး မြန်မာစာ စနစ် စံသတ်မှတ်ချက်က ဘာပါလဲ ယူနီကုတ် လား ဒါမှမဟုတ် အခြား ဖောင့်လား ? မြန်မာလူမျိုးတွေက ၃ ယောက်ရှိရင် ၃ ဖွဲ့ ကွဲတယ် မြန်မာစာစနစ်တောင် အမျိုးစုံနဲ့ စသဖြင့် ပြောကြရေးကြတာ အွန်လိုင်းမှာ ခဏတိုင်းဖတ်ရပါတယ်။ အမှန်တော့ Unicode Consortium ကနေ နိုင်ငံတကာက ကိုယ်ပိုင် စာပေ၊ ဘာသာစကား ရှိတဲ့သူတွေ အားလုံးသုံးနိုင်အောင် Unicode ဆိုတဲ့ ဖောင့်စနစ် သတ်မှတ်ထားပြီးသားပါ။ အခြားဖောင့်တွေကိုလဲ ကျွန်တော်တို့ လိုအပ်ချက်အရ သုံးခဲ့ကြရတာပါပဲ အခုဆို ယူနီကုတ် ဖောင့်က OS အားလုံးမှာလဲ အဆင်ပြေနေပါပြီ။ သုံးမယ်ဆို လူအားလုံး အလွယ်တကူသုံးနိုင်တဲ့ အနေအထား စံသတ်မှတ်ချက် ဖြစ်နေပါပြီ။ ဒါပေမယ့် ခုထိ MCPA လို မြန်မာ ကွန်ပျူတာ ပညာရှင် အသင်းမျိုးက သူ့ဝဘ်ဆိုဒ်မှာ မသုံးသေးပါဘူး။ ဘာလို့လဲတော့ မသိပါဘူး။ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ် ပစ္စည်းတွေလိုပဲ ခေါင်းမျိုးစုံနဲ့ အားလုံးက ခုထိ ထိပ်မှာ converter လေးတွေပဲ ခံသုံးနေကြတုန်းပါပဲ။

မြန်မာနိုင်ငံရဲ့ ရေ အရည်အသွေး စံသတ်မှတ်ချက်က ဘာပါလဲ ? လွန်ခဲ့တဲ့ ၃ ရက်က ဧရာဝတီ မြစ်စီမံကိန်းနဲ့ ပက်သတ်တဲ့ ဟောပြောပွဲမှာ ဆည်မြောင်း နဲ့ ရေပေးဝေရေး ဌာနမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ ပညာရှင် ဆရာကြီး တစ်ယောက်ပြောသွားပါတယ်။ သူတို့အဖွဲ့က နေမြန်မာနိုင်ငံ စံစနစ်ဖြစ်တဲ့ ရေ အရည်အသွေးကို သတ်မှတ်ဖို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါတဲ့ ခုထိအဲဒီ စနစ် မြန်မာနိုင်ငံမှာ မရှိသေးပါဘူးတဲ့။ အစိုးရအဖွဲ့က အလုပ်များနေလို့လဲ ဖြစ်နိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ အပတ်က ရန်ကုန်မြို့ ရေပေးဝေနေတဲ့ ဂျိုးဖြူ ပိုက်ကနေ အနည်တွေနဲ့ အရောင်ညစ်နေတဲ့ ရေတွေ ပေးလာလို့ အိမ်တော်တော်များများ ရေကန်တွေ ဆေးလိုက်ရသေးတယ်။ စံစနစ် မရှိတော့ တာဝန်ယူမယ့် အဖွဲ့ အစည်းပါ မရှိတာလဲ ဖြစ်နိုင်ပါတယ်လေ။

မြန်မာနိုင်ငံရဲ့ Parental Control Act နဲ့ Age Rating System က ဘာပါလဲ ? အခုခေတ်မှာ တီဗီဂိမ်းတွေ နောက် အခြား မီဒီယာ မျိုးစုံက ကလေး၊ လူငယ်တွေနဲ့ လက်တစ်ကမ်းလောက် အကွာမှာတင် အလွယ်တကူ ရနိုင်နေပါပြီ။ တီဗီတို့ ကွန်ပျူတာတို့ဆိုတာ လူကြီးဖွင့်မှရတဲ့ ပစ္စည်းတွေ မဟုတ်တော့ပါဘူး ဆိုတော့ Parental Control နဲ့ Age rating system လို စံစနစ်တွေလိုလာပါပြီ။ ဘာလို့ပြောရသလဲဆိုတော့ တစ်ခါတစ်ခါ ကျရင် သောင်းကျန်းသူ သတ်ဖြတ်လို့ သေရတဲ့ အပြစ်မဲ့သူတွေ ဆိုပြီး သတင်းစာလိုမျိုးက အစ ကလေးသူငယ် မကြည့်သင့်တဲ့ ပုံတွေ ပါနေလို့ မေးရခြင်းဖြစ််ပါတယ်။ ဆိုတော့ သတင်းစာရဲ့ Age rating system ကဘာလဲ ဘယ်နှနှစ်အောက် မဖတ်ရဘူးလဲ။ နောက် ညစ်ညမ်းပြတ်လုံးတွေနဲ့ မြန်မာကားတွေ လဲရှိနေပြီ မတားချင်ရင် အသက်ဘယ်လောက် အထက်မှ ကြည့်ဆိုပြီးတော့ သတ်မှတ်ပေးမှ ရမယ်။ စိတ်ဓာတ်ရင့်ကျက်သွားတဲ့ လူကြီးတွေအတွက် ဘာမှမဖြစ်ပေမယ့် ဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေကို သွေးထွက်သံယိုတွေ၊ လောင်းကစားတွေ၊ ဆဲဆိုနေတဲ့ စကားလုံးတွေ၊ မူးယစ်ဆေးဝါးတွေ၊ အကြမ်းဖက်မှု့တွေ ပေးပြတော့မလို့လား။ အိမ်နည်းချင်းနိုင်ငံတွေက ဓာတုပစ္စည်းတွေ၊ အပေါစား ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အသက်ဘယ်လောက် အထက်မှ ဆော့ပါဆိုတဲ့ စံသတ်မှတ်ချက်မပါတဲ့ အရုပ်တွေနဲ့ ကလေးတွေကို ပေးဆော့မလို့လား…

မြန်မာနိုင်ငံရဲ့ အစားအသောက် စံသတ်မှတ်ချက်က ဘာလဲ ? ပြည်တွင်းမှာ စားသောက်ကုန်တွေ မျိုးစုံရောင်းနေကြတယ် စံသတ်မှတ်ချက်က ဘာများလဲသိချင်တယ် လက်ဖက်တို့ ငါးပိ တို့ဆိုတာ ISO standard မလိုပါဘူး နိုင်ငံတကာစားတဲ့ စားသောက်ကုန် မဟုတ်ဘူး ဒါပေမယ့် မြန်မာပြည်ကသူတွေစားတဲ့ စားသောက်ကုန်ဖြစ်လို့ မြန်မာစံသတ်မှတ်ချက်တော့လိုလာပြီ မဟုတ်ရင်တော့ ချည်ထည်ဆိုးဆေးတွေနဲ့ ကြာရှည်ခံအောင် ဓာတုဗေဒ ဆေးစိမ်ထားတာတွေ၊ ငါးပိကို ပိုးမတက်အောင် ပိုးသက်ဆေးလောင်းထားတာတွေပဲ တွေ့ရပါလိမ့်မယ်။ နောက် အဖျော်ထဲမှာ alcohol ဘယ်လောက်ရာခိုင်နှုန်းပါရင် အရက်လို့ သက်မှတ်ပြီး ဘယ်နှနစ်အထက်ပဲ ရောင်းရမယ် စနစ်ရှိလား သိချင်ပါတယ်။ FDA လို စားသောက်ကုန်တွေမှာ ဓာတုဆိုးဆေးတွေ အဆိပ်အတော်က ပါမပါ လိုက်စစ်တဲ့ အဖွဲ့ရှိပေမယ့် စံစနစ်ရှိထားပြီး ပိုကြပ်မတ်ထားရင် မကောင်းဘူးလားဗျာ။

ပြောရရင်တော့ အများကြီးပဲဗျာ ကျွန်တော်တို့ ဆီမှာ စံစနစ်တွေရှိဖို့ လိုသလို ကြမ်မတ်တဲ့ ဥပဒေ၊ ထိန်းချုပ်စစ်ဆေးမယ့် အဖွဲ့ အစည်းတွေလဲ လိုပါတယ်။ ဒီလို စံစနစ်တွေရှိမှ မြန်မာနိုင်ငံမှာ မလိုအပ်ဘဲ ပြန်ပြင်လို့ ကုန်ကျနေတာတွေ၊ converter ဖိုးတွေ၊ ကလေးတွေ adult content တွေနဲ့ မထိတွေ့ဖို့ စတဲ့ လိုအပ်တဲ့ စံသတ်မှတ်ချက်တွေ ရှိဖို့လိုပါတယ်။ မဟုတ်ရင် စည်းကမ်းမရှိပဲ အဆင့်မရှိတဲ့ အဖြစ်ဖြစ်နေပါလိမ့်မယ်။ စံစနစ်ဆိုတာ လူတွေလုပ်ယူတာပါ ဘာဖြစ်လို့လဲဆိုရင် လူအများအတွက် အဆင်ပြေဖို့၊ လူအများကြားမှာ နားလည်မှု့လဲွ မသွားဖို့ စတဲ့ အချက်တွေကြောင့် အရေးကြီးလှပါတယ်။ ဒီလို စံစနစ်တွေ အတည်ဖြစ်လာဖို့ လွှတ်တော်တွေမှာ ဆွေးနွေးအတည်ပြုပေးစေချင်တယ်။ နောက်လူအများကိုလဲ စံစနစ်ကို လိုက်နာကျင့်သုံးစေချင်ပါတယ်။ စံစနစ်ရှိလာသည့်တိုင်အောင် ကိုယ်ဖာသာသုံးတာ ကိုယ်ကြိုက်တာသုံးမယ်ဆိုရင်ဖြင့် နွားကွဲရင် ကျားဆွဲခံရသလိုဖြစ်နေပါလိမ့်မယ်။ အားလုံးကသာတစ်စုတစ်စည်းထဲ စံစနစ်ကိုသုံးမယ် စံစနစ်မပါတဲ့ ပစ္စည်းကို မဝယ်ဘူး ဆိုရင် အခြား အရုပ်လုပ်တဲ့သူမပြောနဲ့ ကားထုတ်တဲ့ နိုင်ငံတောင် ကျွန်တော်တို့ နိုင်ငံမှာ ရောင်းရဖို့ သူတို့ကားတွေကို စံစနစ်အတိုင်း ပြင်ဆင်ပေးပါလိမ့်မယ်။ အားလုံးက စံစနစ်ကို အတိအကျလိုက်နာ၊ သုံးစွဲမယ်ဆိုရင် ကျားဆွဲဖို့လဲ ကြောက်စရာမလို နဂါးဆွဲမှာလဲ ပူစရာမလို၊ ဆင်တွေ၊ ခြင်္သေ့တွေ လဲ ပူစရာမလိုပါဘူး မြန်မာနိုင်ငံကို တင်ပို့မည့်ပစ္စည်းအားလုံး မြန်မာနိုင်ငံသုံး စံသတ်မှတ် ချက်အတိုင်းဖြစ်လာပါလိမ့်မယ်……



2 Comments

  1. Yeyint October 2, 2011

    This is really nice post. good job.

    Like or Dislike: Thumb up 0 Thumb down 0

  2. Black Dream October 5, 2011

    Nice Shot Nyi! Direct Hit..!

    Like or Dislike: Thumb up 1 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 2