ပြီးခဲ့တဲ့နေ့က မတွေ့တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဘော်ဒါတစ်ကောင် ဖုန်းဆက်လာလို့ မြို့ထဲမှာတွေ့ဖြစ်ပါတယ်။ ဒီကောင်က ကျွန်တော်နဲ့ ပထမနှစ်ကတည်းက တူတူတက်ခဲ့တဲ့ ကောင်ပေါ့ စိုးညီညီ လို့ခေါ်တယ် ဘော်ဒါအချင်းချင်းကတော့ ကျောင်းတက်ကတည်းက နှုတ်ကျိုးနေသလို ယောက်ဖ ပဲ အချင်းချင်းခေါ်တယ်။ အင်းတွေ့ဖြစ်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ ဒီကောင်က အခု ရန်ကုန် က သယ်ယူပို့ဆောင်ရေးရုံးတစ်ခုမှာ မန်နေဂျာလိုတောင်ဖြစ်နေပြီ။
အဲ ပညာရေးကတော့ ကျွန်တော်နဲ့ ရူပဗေဒ ပထမနှစ်တက်အောင် ပြီးကတည်းက ဒုတိယနှစ်က မတက်တာ ၃ နှစ်ရှိပြီ။ ရှိဆို ဒီကောင် အဝေးသင်သွားပြောင်းတာကိုး အမှန်တော့ ကျွန်တော်လဲ သူနဲ့ အတူတူ အဝေးသင်ပြောင်းလိုက်တာပါပဲ။ ကျွန်တော်က ဒုတိယနှစ်မှာ ရန်ကုန်မှာ တက်တော့ ကျောင်းမတူတော့ ဒီကောင် ကျောင်းအတူသွားမယ့်သူ မရှိ စာအတူလုပ်မယ့်သူ မရှိဆိုတော့ မအောင်တော့ဘူးပေါ့လေ ကျွန်တော်လို ပညာရှိနဲ့ ဝေးသွားတာကိုး။ ကျွန်တော်တို့ ငယ်ငယ်က ကလေးတွေက ဒီကောင်နဲ့ အတန်းတူနေဆိုပဲ။ အတော်ရီရတဲ့ ကောင် ဒီကောင်က နောက်ပိုင်း သူ့ ဇာတိ ကြံခင်းဘက်ပြောင်းသွားလို့ အဆက်အသွယ်ပြတ်သွားတာ။
တက္ကသိုလ်က ကျွန်တော်တို့ အတူတူ ကျောက်ဆည် တက္ကသိုလ်မှာ တက်ခဲ့တာ ကျောင်းက မြို့နဲ့ တော်တော်ဝေးတယ် အများစုက ဆိုင်ကယ်နဲ့ တက်ကြတယ် ကျွန်တော်အိမ်က ဆိုင်ကယ်ဝယ်မပေးတော့ မနက်တိုင်း ဒီကောင်နဲ့ အတူတူ မြို့ထဲကနေ ဟိုင်းလတ်ကား ခေါ်မိုးပေါ်တက်စီးပြီး ကျောင်းသွားရတယ်။ ကျောင်းက ကားလမ်းကနေ ၁ မိုင်လောက် အထဲဝင်ရသေးတော့ အတူလမ်းလျောက်ပေါ့ အဲဒီလို တက်ခဲ့ကြတာ။ တစ်ခါတစ်လေပျင်းရင် ကျောင်းထဲဝင်ရုံဝင်ပြီး ကန်တင်းက အသိဆိုင်မှာ ဝင်အိပ်လိုက်နဲ့ ဂစ်တာတီးလိုက်လုပ်နေကြ။ နောက်အတူတွဲဖြစ်တာက ဘူမိဗေဒက ကိုဖိုးဇော်ပေါ့ သူကျွန်တော်တို့ထက် အသက် ၃ နှစ်လောက်ကြီးတယ် ဆယ်တန်းကျခဲ့တာရယ် တက္ကသိုလ်မှာကျတာတွေရယ်ကြောင့် ပထမနှစ်ချင်းတူပေမယ့် သူက အသက်ကြီးတယ်။ သူက အိမ်ကဝယ်ထားတဲ့ ဆန်နီကားလေးရှိတယ် အဲဒီကားလေးနဲ့ တစ်ခါတစ်လေ အော်ဒါ အနီးနားက မြို့တွေ လိုက်မောင်းတတ်တယ်။ တစ်ခါတစ်လေတော့လဲ သူ့ကားပါရင် ၃ ကောင်လျောက်လစ်တာပေါ့ များသောအားဖြင့်ကားမပါတတ်တော့ အားလုံးလမ်းလျောက်ပြန်နဲ့ ပါသမျှပိုက်ဆံ အသားကုန်သုံးပြီး အပြန် လမ်းကြုံ ကုန်ကားကို တားစီးပြီးပြန်တယ်လေ။
ယောက်ဖနဲ့ စကားစပ်မိတော့မှပဲ ကျောင်းတုန်းက ဘော်ဒါတော်တော်များများ အိမ်ထောင်ကျကုန်တာ သိရတော့တယ်။ နယ်တွေမှာက အဲဒီလိုပဲဗျ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုလေ့ရှိတယ်။ အသိစာကူးပေး လက်မှတ်ထိုးပေးနေကျ အသိကောင်မလေးလဲ ကလေးတောင်ရနေပြီ၊ ကျောင်းတုန်းက ကွင်းရသွားတဲ့ ပျဉ်းမနားက ကောင်မလေးလဲ ယောက်ကျားရသွားပြီ၊ နောက် အခြား ကောင်မလေးတော်တော်များများ လဲ အိမ်ထောင်ကျကုန်ပြီ ကျန်တာဆိုလို့ ကျွန်တော့်ဘော်ဒါ ယောက်ကျားလေး အပေအတေကောင်တွေပဲ ရည်းစားတောင် တစ်ယောက်မှ မရသေးပဲ ကျန်နေတာ
နှမြောတာကတော့ ကွင်းကောင်မလေးပေါ့ ပျဉ်းမနားကဆိုပေမယ့် အသားလဲဖြူပြီး ဝတ်မှုန်ရွှေရည်နဲ့ ဆင်တယ်ဗျ။ အမှန်တော့ သူက ကွင်းဖြစ်ပြီး ကျွန်တော် မရည်ရွယ်ပဲ ကင်းဖြစ်သွားခဲ့တာ အမှန်တော့ ယောက်ဖတစ်အုပ်နဲ့ မောင်မယ်ကြိုဆိုပွဲနေ့က နောက်ဆုံးတန်းကနေပြောင်မယ် လှောင်မယ်ဆိုပြီး ရောက်သွားတာ.. ရောက်ဆို ပထမရက် ဇီဝဗေဒ တုန်းကလဲ မဆိုင်ပဲနဲ့ ရောက်သွားပြီး ဇီဝဗေဒက ကောင်တွေအားလုံးခေါ်ညှိပြီး ကင်းကွင်းကို သူတို့ အတန်းထဲက ရုပ်အဆိုးဆုံး ကောင်မလေးနဲ့ ကောင်လေး ရအောင် အတို့အထောင်လုပ်ခဲ့တာ အောင်မြင်သွားခဲ့တယ်လေ။ အမှန်တော့ အဲဒီတုန်းကလဲ ပေါက်ကရပဲလုပ်ချင်နေတာ နောက် ရန်ကုန်မှာက ၁၀ တန်းကတည်းက တွေ့ခဲ့တဲ့ တစ်ယောက်ရှိပြီးသားဆိုတော့ သူများသားသမီးစိတ်ပျက်အောင် မလုပ်ချင်တာလည်းပါပါတယ်။
ကျောင်းမှာ အစပိုင်းက သိပ်မတည့်တဲ့ ကောင်တွေရှိတယ် ကျွန်တော်ရန်ရှာတာတော့ မဟုတ်ပါဘူး သူတို့ဘာသာ ကျွန်တော့်ကို အမြင်မကြည်တာ နောက်ပိုင်းတော့ ကျွန်တော်ကပဲ အလျော့ပေးပြီးပေါင်း စာမေးပွဲဆို စာခိုးပြနဲ့ နောက်ပိုင်း ဘော်ဒါတွေဖြစ်သွားတယ်။ ကျောင်းမှာ ကျွန်တော်တို့နဲ့ မတူပဲ ရန်ဖြစ်မယ်ဘာညာနဲ့ လူမိုက်တွေ ရှိပေမယ့် မျက်နှာပြောင်တဲ့အဖွဲ့ဆို ကျွန်တော်တို့ပဲ ရှိမယ်ထင်တယ်။ တစ်ခါကလဲ ကိုဖိုးဇော်နဲ့ စိုးကြီးနဲ့ အတူတူ ၃ ကောင် မော်ကွန်းထိန်း ရုံးခန်းထဲ ဗျောက်ပစ်ထည့်ပြီး ထွက်ပြေးသေးတယ်။ နောက် အခြားအခန်းတွေ စာသင်နေရင် အခန်းအပြင်ကနေ လျောက်ရင်း ပြောင်ပြတာတို့ ဘာတို့လဲ ခဏတိုင်းလုပ်တယ်။ အဲ ပေါက်ကရလုပ်ပေမယ့် ပြန်လျော်တဲ့ အနေနဲ့ ကျောင်းကပွဲတွေ ဘာတွေရှိရင် ကျွန်တော်တို့ အဖွဲ့ကပဲ သေသေချာချာဦးဆောင်လုပ်ပေးတယ်။
နောက် ဘော်ဒါတွေထဲမှာ တစ်ကောင်ရှိသေးတယ် ပါချက် ဆိုတဲ့ကောင် ဒီကောင်က အားရင် ဘိလိယက်ထိုးနေတာ ကျွမ်းကျင်သလားတော့ မမေးနဲ့ ကျောင်းနားက ဘိလိယက်ခုံတွေအားလုံး ဒီကောင်ကို ပိုက်ဆံကြေးကစားရင် မခေါ်ဘူး သူ့လက်ကိုသိလို့။ ဒီကောင်ကလဲ လူဆိုး တစ်ခါတစ်ခါ ကျောင်းတက်နေရင်းကနေ ၂ ပတ်လောက်ပျောက်သွားတတ်သေးတယ် ဘယ်သွားလဲဆိုတော့ ရှမ်းပြည်ကနေ မူဆယ်၊ ကြယ်ခေါင်အထိတက်ပြီး တရုတ်ဆိုင်ကယ်တွေကို တောလမ်းကနေ ခိုးမောင်းပြီး ဆိုင်ကယ်ချတတ်သေးတယ်။ အဲဒီအချိန်က ကိုယ်တွေသာ ဆိုင်ကယ်ဝယ် မစီးနိုင်တာ တော်တော်များများက တရုတ်ဆိုင်ကယ်တွေနဲ့ အိုကေ နေကြတယ်။ စိုးကြီးပြောမှ ဒီကောင်တွေ ဆိုင်ကယ်မှောက်သေးတာ သိရတယ် တစ်ရက်က ကျောင်းဘက်က အဆောင်တွေမှာ ညဘက် ဂစ်တာတီးပြီး မြို့ အပြန် မြို့အဝင်နားမှာ လမ်းဖြတ်ကူးတဲ့ နွားမကြီးကို တိုက်မိသေးတယ်ဆိုပဲ။ နွားတိုက်ပြီး ဒင်းတို့ ၃ ကောင်စီးလာတဲ့ ဆိုင်ကယ်က တရွှတ်တိုက်ကြီး ပေ ၃၀ လောက်လွင့်သွားတယ်တဲ့ ကံကောင်းလို့ တစ်ကောင်မှ မကျိုးမကန်း၊ ဦးနှောက်မပွင့်ပဲ ပွန်းပဲ့တာတွေပဲ ဖြစ်သွားတယ်။ နွားမကြီးက ပွဲချင်းပြီး လျောသွားတယ်တဲ့ အနားက လူကြီးတစ်ယောက်က ဟေ့ကောင်တွေထစမ်းထစမ်းလို့ ခေါ်ပြီး မင်းတို့ တိုက်တဲ့ နွားကြည့်စမ်း မြန်မြန်လစ်တော့ ဆိုလို့ ၃ ကောင်လုံး နွားလျောသွားတာတွေ့လို့ ဆိုင်ကယ်ချက်ချင်းထောင်ပြီး မောင်းလို့ ရနေသေးလို့ အရှိန်တင်ပြီး ထွက်ပြေးခဲ့ရသေးသတဲ့။
ကျောင်းတုန်းက စာကတော့ဒီလို အပေါင်းအသင်းတွေနဲ့တွေ့ပြီး ကြိုးစားသလား မမေးနဲ့ စားမေးပွဲတိုင်း supple စာမေးပွဲက အနည်းဆုံး ၁ ဘာသာတော့ ပြန်ဖြေရတယ်။ ကျွန်တော်က နဲနဲစာလုပ်သေးတော့ ပါရင် ၁ ခုလောက်ပဲ ဟိုကောင်တွေက ပါလိုက်ရင် ၂ ခု ၃ ခု ပြီးလာရင်လဲ ဘောပင်တောင် မပါတဲ့ ကောင်နဲ့ ဖြေခါနီးမှ အခန်းနံပါတ်မသိလို့ တိုင်ပတ်တဲ့ အကောင်နဲ့ စာအတော်ကြိုးစားကြတာ။ စိုးကြီးဆို ဒုတိယနှစ်က အောင်စာရင်းမှာကော ကျတဲ့ စာရင်းမှာပါမပါလို့ ရုံးခန်းသွားမေးရသေးတယ် ဒီကောင်က မြန်မာစာ ထိတာ ကျတဲ့အထဲမပါ အောင်တဲ့အထဲမပါဆို မြန်မာစာနေ့က ခိုးချတာ ခဏတိုင်းမိသွားတာကိုး အပယ်ခံလိုက်ရတာတဲ့။ အဲဒါနဲ့ နောက်တစ်နှစ်ပြန်တက်ရပြန်ရော။ အမှန်တော့ ကျွန်တော်လဲ မထူးပါဘူး အဝေးသင်ပြောင်းပြီး maths နဲ့ကျလိုက်သေးတယ်လေ ပထမနှစ်က သူငယ်ချင်းကောင်မလေး စုစု မန္တလေး မိန်းထဲမှာ မဟာတန်းတက်နေတဲ့ အချိန်က ကျွန်တော် နောက်ဆုံးနှစ်အသည်းအသန် စာလုပ်နေရတုန်းပေါ့။
တစ်ခါကလဲ ကိုဖိုးဇော်နဲ့ စိုးကြီး၊ ပါချက်တို့ တောင်ကြီးတန်ဆောင်တိုင်ကို သူ့ ဆန်နီ ကားလေးနဲ့ တက်ဖို့ တိုင်ပင်ကြသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ဘာဖြစ်လို့လဲ မသိဘူး မလိုက်ဖြစ်လိုက်ဘူး။ ကံကောင်းသွားတယ် ပြောရမလားပဲ ဒီကောင်တွေ တောင်ကြီးတက်သွားတာ တောင်ပေါ်လမ်းတင် ဒီကောင်တွေ ဆန်နီက ပျက်လိုက်တာ၊ ပျက်လိုက်ပြင်လိုက် နဲနဲတက်လိုက် ၁ ညအိပ်လိုက်နဲ့ တောင်ကြီးတန်ဆောင်တိုင်ပြီးသွားတယ် ဒီကောင်တွေ အောင်ပန်းတောင် မရောက်လိုက်ဘူး လမ်းတင် သူများကားက ပစ်ပေးသွားတဲ့ ရေသန့်ဘူးလေး သောက်လိုက်၊ စားစရာလေးတွေ့ရင်ဝယ်စားလိုက်နဲ့ ဘဝပျက်ပြီးပြန်လာကြတယ်။ ဟိုကောင်တွေ နောက် ကိုဖိုးဇော်ကား ဆို အသေလန့်သွားတယ်။ တစ်ခါကလဲ ကိုဖိုးဇော်ကားကို ကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတွေ စုငှားပြီး ကျောက်ဆည်နဲ့ မိုင် ၄၀ လောက်ပဲဝေးတဲ့ မန်းလေးသွားတာ အပြန်လမ်းမှာ ကားပျက်လို့ ကြုံတဲ့ ကွပ်ပစ်မှာ တစ်ညအိပ်လိုက်ရပြီး ကျောင်းသားတွေ အဲဒီနေရာမှာ သရဲပါ အခြောက်ခံလိုက်ရသေးတယ်။ သူ့ကားက နာမည်ရချင်တော့ အဲဒီလို။ ခုတော့ သူလဲ အဲဒီကားရောင်းလိုက်ပြီ မရှိတော့ဘူး ပြောတယ်။
စိုးကြီးက ပြောသွားသေးတယ် ဟေ့ကောင်ရေတဲ့ ငါ အခုရန်ကုန် ရုံးခန်းက သရဲခြောက်သဟ တဲ့ ဒီကောင်က ရုံးကပေးထားတဲ့ အခန်းမှာပဲ အိပ်တာ စရောက်ရောက်ခြင်းညက ပုခုံးလာညှစ်ထားတာဆိုပဲ ဒီကောင်လှုပ်လို့လဲ မရဘာမရနဲ့ မင်းဘယ်ကကောင်လဲလို့ မေးတယ်တဲ့ ဒီကောင်က ဝန်ထမ်းအသစ်ပါဆိုပြီး ပြောမှ လွတ်ပေးပြီး နောက်မလုပ်တော့ဘူးတဲ့။ အဲဒါနဲ့ သူအရင်နေတဲ့ အကိုကြီးကို မေးကြည့်တော့ ဟုတ်တယ် ရှိတယ်တဲ့ ၁ ကောင်တောင်မဟုတ်ဘူး ၄ ကောင်ရှိတယ် ဆိုပဲ။ ဒီကောင်ကျောချမ်းသွားတယ် အခုတော့လဲ အဆင်ပြေနေပြီဆိုပဲ ဟိုတစ်နေ့က လှည်းတမ်းမှာတွေ့တုန်းကတောင် ငါးကင်ဝယ်သွားပြီး ညမှစားမလို့ ဆိုတာ မင်းသရဲ ၄ ကောင်နဲ့ ဖြစ်ပါ့မလားဆိုမှ ငြိမ်သွားတယ်။ ဖြစ်လိုက်ရင် ဟာသချည်းပဲ နောက်မှ ဒီကောင်တွေနဲ့ ထက်တွေ့ရင် ဆက်ရေးဦးမယ်။ အရင်ကအကြောင်းတွေက အဲဒီလိုပဲ ပေါက်ကရတွေ ပျော်စရာကောင်းပါတယ် ဘာရယ်မဟုတ်ပါဘူး အမှတ်တရအနေနဲ့ ရေးလိုက်တာပါ။ ကျေးဇူးပါ။
Nice moment … i’d never had such a moment in my life …
Well-loved. Like or Dislike:
2
0
Nice article. I also remember my past like you. Being a naughty boy at school is very fantastic !
Like or Dislike:
0
0
ဖတ်လို့ကောင်းတယ်…
ဇော်ဂျီနဲ့ မန့်တာ ဘယ်လိုပေါ်မလဲမသိဘူး
Like or Dislike:
0
0