Understanding Human Behavior

ဒီရက်တွေမှာ မအားတာနဲ့ ဘလော့ဂ်တောင် ကောင်းကောင်း မရေးဖြစ်ပါဘူး ဓာတ်ပုံ ဘလော့ဂ်မှာပဲ နဲနဲ တင်ဖြစ်တယ်။ အခုတစ်ခေါက်ကတော့ ဘာရယ်မဟုတ်ဘူး ကျွန်တော် လူတွေကို အကဲဖြတ်တဲ့နည်း အကြောင်းရေးမလို့ပါပဲ ဒါတွေက ကျွန်တော့် ပါစင်နယ် အမြင်ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ကတော့ တရားစာအုပ် အဖတ်များလို့ ထင်တယ် တရားစာအုပ်ထဲက အကြောင်းတွေပိုပြီး inspire ဖြစ်နေပါတယ်။ ဥပမာ ဆိုရရင် ကျွန်တော့်အတွက်တော့ လူကြားထဲ ဖိနပ်ပြတ်ပြီး ဖိနပ် မပါပဲ အိမ်ပြန်ရမှာ မရှက်ပေမယ့်၊ လူကြားထဲမှာ သတိလက်လွတ် ချော်လဲရမယ် လက်ထဲကိုင်ထားတာတွေ အကြောင်းမယ့် ကိုယ့်ဖာသာ လွတ်ကျရမှာမျိုးတွေကို ရှက်ပါတယ်။

ဆယ်ကျော်သက် မဟုတ်တော့တဲ့ အရွယ်မှာ လူအတော်များများကို ဆက်ဆံခဲ့ဖူးပြီး အတွေ့အကြုံတစ်ချို့ ရသင့်သလောက် ရထားခဲ့ပါပြီ။ မိန်းကလေးတွေ အပါအဝင်ပေါ့ တစ်ချို့တွေက တစ်ခါတစ်လေ အလိုမကျဖြစ်ရင် ကျွတ် စုတ်တတ်ကြတယ်။ တစ်ချို့တွေက တောက် ခေါက်ကြပြန်တယ်။ အဲဒီလိုလူတွေနဲ့ တွေ့ရင် စိတ်ထဲက မှတ်ချက်ချမိတယ် အော် သူတော်တော် ဒေါသကြီးတာပဲပေါ့။ တစ်ချို့များကျပြန်တော့လဲ ထစ်ခနဲဆို အကြောင်းအရာသေချာမသိပဲ ဒေါသကြီးတော့တာပဲ.. ဥပမာ ပြောရရင် ဟိုးတစ်ခါက Apple က Jonathan Ive ပုံနဲ့ ဘုရားပုံတော်မှာ photoshop ပြင်ထားပြီး ipod ကြော်ငြာလုပ်လို့ တော်တော်များများ ဒေါသတွေထွက် ပန်းသီး သပိတ်မှောက်မယ်ဖြစ်ကြပြန်တယ်။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်လဲ ဒေါသကြီးပါတယ် ဒါပေမယ့် နောက်ပိုင်း သင်ခန်းစာတွေရလာတော့ ဒေါသကို ထိန်းတဲ့ အကျင့်လုပ်ဖြစ်တော့တယ်။ ဒေါသ ဆိုတာ အမှန်တော့ လူတစ်ယောက်ကို drive လုပ်လို့ အရမ်းကောင်းတဲ့ အရာတစ်ခုပါပဲ။ Politic မှာ အသုံးချရင် ဆူပူအုံကြွတယ်ဆိုတာမျိုးကို အလွယ်တကူ လုပ်ယူလို့ ရနိုင်တယ်။ ဥပမာ အားဖြင့် လူတွေကို မခံမရပ်နိုင် ဒေါသ ဖြစ်လာစေမယ့် false info တစ်ခုနဲ့ စိတ်ကိုဆွပေးပြီး လူတွေကို ဒေါသနဲ့ အမှားလုပ်မိအောင် လုပ်ယူလို့ ရတယ်။ နောက်ပိုင်းမှာ facebook လို social media တွေမှာ false info နဲ့ လူတွေကို ဒေါသ ကြွလာအောင် ဆွတာတွေ တွေ့လာရပါလိမ့်မယ် မိတ်ဆွေဟာ အကြောင်းအရင်း အစစ်ကို စုံစမ်းဝေဖန်နိုင်စွမ်းမရှိပဲ ဒေါသဖြစ်လွယ်သွားရင် အမှားတွေ လုပ်မိပြီး သူများ အကွက်မှာ ဝင်သွားနိုင်ပါတယ်။ လူတစ်ယောက်ကို ဒေါသမပါပဲနဲ့ အခြားလူတစ်ယောက်ကနေ ဘယ်လိုမှ သတ်လို့ မရပါဘူး။ ဒေါသ အရမ်းကြီးပြီး သတိလက်လွတ်ဖြစ်တဲ့ အခါ မိတ်ဆွေကိုယ်တိုင်တောင် လူသတ်သမား ဖြစ်သွားနိုင်ပါတယ်။

နောက်ပိုင်းမှာ တရားစခန်းတွေဝင်၊ တရားစာအုပ်တွေဖတ်ရင်း သိလာတာက နမော်နမဲ့နိုင်တယ် ဆိုတာ ရှက်စရာကောင်းတယ် ဆိုတာ သိလာတာပါပဲ။ အမှန်တော့ အဲဒါက သမာဓိမဲ့တာ၊ စိတ်အာရုံစူးစိုက်မှု့ ကင်းမဲ့တာပါပဲ။ နောက်ပိုင်းမှာ ကိုယ်တိုင် စက္ကန့်အတိုင်း သတိအမှတ်နဲ့ မနေနိုင်ပေမယ့် အာရုံစူးစိုက်မှု့ကိုတော့ အတတ်နိုင်ဆုံး စုစည်းထားမိပါတယ်။ ကိုယ့်ရဲ့ ပစ္စည်းလေးတစ်ခုကို ဘယ်နားမှာ ထားလိုက်တာ၊ ဘယ်နေရာမှာ ဘာလုပ်ခဲ့တာမျိုးကို သတိထားပြီး ကိုယ်လုပ်တဲ့ ကိစ္စမှတ်မိအောင် ကျင့်ယူဖြစ်ပါတယ်။ ငယ်ငယ်ကဆို အိမ်မှာ တစ်ခုခုစားရင်း တီဗီရှေ့မှာ စားချင်တဲ့ အခါ စားစရာ အရည်၊ ဖျော်ရည်တစ်ခုခု ယူလာရင်း လှုပ်လို့ ဘောင်ဘင်ခတ်ပြီး ကြမ်းပြင်ပေါ် တချို့တစ်လေ လှျံကျတာမျိုး ဖြစ်ပေမယ့်။ နောက်ပိုင်းမှာ မဖြစ်အောင် သတိထား ဂရုစိုက်ဖြစ်တယ်။ ခေါက်ဆွဲအပူ ယူတဲ့ အခါလဲ ခွက် အနားသား နှစ်ဖက်ကို ကိုင်ရင်း သတိထားပြီး လှမ်းဖြစ်တယ်။ ခြေလှမ်းရင်း ဖြစ်လာနိုင်တဲ့ အခြေအနေကိုလဲ တွက်တတ်လာတယ် ဥပမာ အခန်းထဲက တစ်ယောက်ယောက် ရုတ်တစ်ရတ်ထွက်လာပြီး တိုက်မိမှာတို့ပေါ့။ နောက်အရင်လို နမော်နမဲ့နိုင်ပြီး လျှံကျတာမျိုး ဖြစ်မှာတွေ ကိုယ့်ဖာသာ ရှက်လာတယ်။

နောက်တစ်ခုက ကိုယ်တာဝန်ယူရတဲ့ ကိုယ်ပိုင်ပစ္စည်းတွေ၊ သူများပစ္စည်းတွေ ပျောက်မှာ မေ့ကျန်မှာ ရှက်တတ်လာတယ်။ အစက အဲဒီလို မဖြစ်ဘူး မေ့ကျန်တယ်ဆိုတာ သတိလက်လွတ်ဖြစ်မှ ဖြစ်တတ်တဲ့ အရာမှန်းသိလာတဲ့ နောက်မှာတော့ ရှက်တတ်လာတယ်။ တတ်နိုင်သလောက် သတိထားတယ်။ ကိုယ့်ကိုကိုယ် စိတ်အားပေးတဲ့ အနေနဲ့ ငါက ဘာမှ မေ့ကျန်တာ မဖြစ်ဘူး၊ ပစ္စည်းတွေဆိုလဲ ထားတဲ့ နေရာအမြဲမှတ်မိတယ် ဆိုပြီး ကိုယ့်စိတ်ကို သတိပေးရင်း၊ ကိုယ့်စိတ်ကိုယ် အားပေးဖြစ်တယ်.. တကယ်လဲ အလုပ်ဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းတစ်ခုခု မတွေ့တော့ဘူးဆို နောက်ဆုံး ဘယ်နေရာမှာထားခဲ့လဲဆိုတာ မျက်စိမှိတ်ခဏ စဉ်းစားတာနဲ့ သတိရတယ်။ နောက် ဘယ်သွားသွား ဟိုတယ်မှာပဲဖြစ်ဖြစ်၊ သူများအိမ်မှာပဲဖြစ်ဖြစ်၊ တက္ကစီကားပေါ်မှာပဲဖြစ်ဖြစ် ထွက်ခါနီးတိုင်း သေသေချာချာ ပြန်ပြီး ဘာကျန်ခဲ့လဲ သေချာကြည့်ဖြစ်ပါတယ်။ ဟိုတယ်ကနေ check out လုပ်မယ်ဆို အကုန်မွှေပါတယ် စောင်တွေကော အံဆွဲတွေကော၊ bathroom ကော ကြည့်ပြီးသေချာမှ ထွက်တယ်။ taxi ဆိုလဲ ကားတံခါးကို လက်နဲ့ သေသေချာချာပိတ်ရင်း ကားထဲကို အသေအချာကြည့်ပြီးမှ တံခါးပိတ်ထွက်တယ်။ ဒါတောင် ၂၀၁၁ ထဲမှာ တက်က္ကစီပေါ်မှာ ထီးတစ်လက်၊ CF Card တစ်ကတ် ကျန်ခဲ့သေးတယ်။ ၂၀၁၁ ထဲမှာ အဲဒီ နှစ်ခုပျောက်တာကလွဲရင် အခြား ရှက်စရာကောင်းတာမျိုးမဖြစ်ခဲ့ပါဘူး။ ထီးတုန်းက မိုးတွေစိုနေလို့ van ကား အနောက်ထဲက CNG အိုးဘေးနားသွားထားလိုက်တာ ကားပေါ်ကဆင်းတော့ အကျင့်အတိုင်း သေချာကြည့်ပေမယ့်။ ကားအနောက်ခန်းထဲ ထည့်လိုက်တာကို သတိမထားမိလိုက်ဘူး။ နောက် CF card ပျောက်တုန်းကတော့ သတင်းလိုက်နေရင်းဆိုတော့ စိတ်လောပြီး အမှတ်မဲ့ဖြစ်သွားခဲ့တာ။

နောက်ပိုင်းမှာ လူတွေနဲ့ ဆက်ဆံတဲ့ အခါ သူတို့တွေရဲ့ အမှုအကျင့်တွေ၊ ပြသနာ တစ်ရပ်ကို ဘယ်လို ချဉ်းကပ်ဖြေရှင်းသလဲ ဆိုတာ လေ့လာ သင်ယူဖြစ်တယ်။ သေချာတာတော့ တွေ့ခဲ့သလောက် ပြသနာကို emotion နဲ့ အရင် ဖြေရှင်းတဲ့ သူတွေဟာ အမှားလုပ်မိတာများကြတာ ချည်းပါပဲ။ ကိုယ်တိုင်လဲ အမှားကင်းတဲ့သူမဟုတ်ပေမယ့် သူများအမှားကိုလဲ တတ်နိုင်သလောက် သင်ခန်းစာယူ အဖြေထုတ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြသနာတိုင်းမှာ အဖြေရှိတာကိုး။ ဘုရားဟောခဲ့တဲ့ ကာလာမသုတ်လိုမျိုးက တကယ်တမ်းမှာ ပြသနာကို အကဲဖြတ်တဲ့ နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ တတ်နိုင်ရင်တော့ ပြသနာဆိုတာ မဖြစ်အောင် နေတာ အကောင်းဆုံးပါပဲ တစ်ခါတစ်လေတော့လဲ အခြားသူ ပြသနာက ကိုယ့်ကို လာတိုင်ပတ်တာမျိုးလဲ ဖြစ်တတ်ပါရဲ့။ အဲဒါမျိုးကျရင်တော့ ကျွန်တော်နောက်ပိုင်း အားမနာတတ်တော့ဘူး အစက အခြားနာရမယ့် မျက်နာတွေရှိတော့ တစ်ချို့ အရာတွေက ညာမပြောရင် ပြောရခက်တယ်။ နောက်ပိုင်းတော့ ကိုယ်လွတ်ရုန်းတယ်မဟုတ်ပေမယ့် တတ်နိုင်သလောက် အခြားသူမထိခိုက်အောင် အမှန်ကိုပဲ အတတ်နိုင်ဆုံး ပြောဖြစ်တော့တယ်။ လိမ်ရတာက ယုတိ္တတန်အောင် အများကြီးစဉ်းစားနေရတယ် နောက်ပင်ပန်းတယ်၊ သိတတ်ကတည်းက စရုံနောက်ရုံကလွဲလို့ အခြားသူ ထိခိုက်အောင် မညာခဲ့ဖူးတဲ့ အကျင့်ကြောင့်ဖြစ်မယ်ထင်တယ် ညာရမှာ ဝန်လေးတယ်။ အမှန်အတိုင်းပဲပြောတော့တယ် အလုပ်ပျက်လဲ၊ အပေါင်းအသင်းပျက်လဲ မတတ်နိုင်တော့ဘူး။

နောက်တစ်ခုက အန်တီစု ပြောတာလေးကို သတိရမိတယ်.. မြန်မာလူမျိုးတွေက ဂရုဏာကြီးပေမယ့်၊ မုဒိတာ နည်းတယ်ဆိုတာပါပဲ.. ဂရုဏာ ဆိုတာ ကိုယ့်ထက်နိမ့်ကျတဲ့သူကို သနားကျင်နာတဲ့ သဘောပါ။ မုဒိတာဆိုတာကတော့ ကိုယ့်ထက် သာတဲ့သူကို ချီးကျူးအားပေးတာမျိုးပေါ့။ ငယ်ငယ်က ထင်ခဲ့တာ ဂျေ ဝင်တယ်ဆိုတာ မိန်းကလေးတွေမှာပဲ အခန်းထဲမှာ အဆင့်ကောင်းအောင် ကြိုးစားပြိုင်ကြ၊ အလှပြိုင်ကြနဲ့ ပေါ့။ ငယ်ငယ်တုန်းက စာကလဲ အဲဒီလောက် အသည်းအသည်ကြိုးစားမပြိုင်ခဲ့ဖူးတော့ ယောက်ကျားတွေမှာ မနာလိုသဝန်တို တာမျိုးမရှိခဲ့ဘူးထင်ခဲ့တယ်။ မိန်းကလေးတွေမှာပဲ အဲဒါမျိုး ရှိတယ်ထင်ခဲ့တာ ကြီးတဲ့အခါမှ ယောက်ကျားတွေမှာလဲ ရှိတာ သိလာခဲ့ရတယ်။ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်တော့ ကိုယ့်မှာလဲ အများကြီးမဟုတ်ပေမယ့် ရှိနေတာတွေ့ခဲ့ရတယ် အဲဒါနဲ့ အကျင့်တွေ မနည်းဖျောက်ယူခဲ့တယ်။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက်မှာ မတူတဲ့ ကျွမ်းကျင်မှု့တွေရှိတယ်။ ကိုယ့် profession မဟုတ်တဲ့ အရာမှာ သူများကျွမ်းကျင်နေလို့ မနာလိုသွားဖြစ်လို့ မရဘူးဆိုတာ သင်ယူခဲ့ရတယ်။ ကိုယ့်ကိုလဲ အဲဒါမျိုး မနာလိုဖြစ်နေတဲ့ သူတွေ၊ ပြိုင်ဆိုင်နေတဲ့သူတွေ တွေ့တဲ့ အခါ မသိချင်ယောင်ဆောင်ပြီး ပြုံးပြခဲ့တယ်။ TED shows နဲ့ အခြား presentation, keynotes တွေ ကြည့်တဲ့ အခါတိုင်း ကြက်သီးထလောက်အောင် ဖြစ်မိတာက အနောက်နိုင်ငံတွေမှာ လူတစ်ဦးချင်းစီရဲ့ profession ကို အရမ်းလေးစားကြတယ်ဆိုတာပါပဲ။ တစ်ယောက်ယောက်ရဲ့ ရှာဖွေတွေ့ရှိမှု့ကို ကျန်တဲ့သူတွေအားလုံးက လက်ခုပ်တီး၊ လက်ခေါက်မှုတ်အားပေးရုံ မကဘူး ပရိတ်သတ်အားလုံး မတ်တပ်ရပ်ပြီး ချီးကျူးကြတာမြင်တော့ ကိုယ်တွေ နိုင်ငံနဲ့ ကွာခြားတာကို သတိပြုမိတယ်။

ကိုယ်တွေ လူမျိုးက အောင်မြင်သွားရင် ချီးကျူးမယ်ဆိုတာ ဟန်ပြလောက်ပါပဲ။ ကွယ်ရာရောက်ရင် ဘာမှမဆိုင်တဲ့ ငယ်ကျိုးငယ်နာတွေ ဖော်ပြီးအတင်းပြောကြတာပါပဲ။ ကိုယ်ကိုယ်တိုင်လဲ အဲဒီလို လူမဖြစ်အောင် ကြိုးစားမိတယ်။ နောက်အဲဒီလို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလူတွေနဲ့ တွေ့ရင် ကိုယ့်အပေါ်ဘယ်လောက် ကောင်းပါစေ အဲဒီလူကို respect လျော့သွားတာပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ကျွမ်းကျင်တာခြင်းကွာသလို အသက်မွေးဝမ်းကျောင်းလဲ ကွာတတ်ပါတယ်။ အဲဒါနဲ့ပဲ နှိမ့်ချ အပုတ်ခတ်တာကတော့ မဖြစ်သင့်တာတွေပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ လူမျိုးမှာက mutual respect ဆိုတာ မရှိသလောက် နည်းပါတယ်။ မင်းဘာကောင်လဲ ငါဘာကောင်လဲပဲ တွက်နေတတ်ကြတယ်။ မနာလိုတယ်ဆိုတာကတော့ ကိုယ့်ထက်သာတာ ဒါမှမဟုတ် အပြိုင်ဖြစ်နေတဲ့ အခါဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ထက်တော်တဲ့သူတွေ့တဲ့ အခါ ကိယ့်အနေနဲ့လဲ ချီးကျူးဖို့ ဝန်မလေးတတ်သလို ကိုယ်မတတ်နိုင်တဲ့ အရာတွေ သူများ ရထားတဲ့အခါ သူ့ရဲ့ အတိတ်ကံကို အားကျပြီး သာဓုခေါ်မိပါတယ်။ ကိုယ်က အဲဒီလိုမျိုး ကောင်းတာတွေ မရတဲ့အခါ ကိုယ် အတိတ်က ဒါန နည်းခဲ့လို့ပဲလို့ တွေးလိုက်တယ်။ မနာလိုတယ်ဆိုတာ ကိုယ့်ကိုထဲက သွေးကို ညစ်ပတ်စေတဲ့ အရာလို့မှတ်ယူထားလိုက်တယ် ကိုယ့်ခန္တာကိုယ်ထဲမှာ လှည့်ပတ်ခွင့်ကော နှလုံးထဲကိုကော အဲဒီ ညစ်ပတ်တာတွေ ဝင်ခွင့်ပေးမထားတော့ဘူး။ စိတ်ပေါ့ပေါ့ပါးပါးနဲ့ နေဖြစ်တာ နှစ်တော်တော်ကြာပြီမို့ ကျေနပ်မိပါတယ်။

ကျွန်တော့အနေနဲ့ကတော့ လူတွေရဲ့ personality ကို အဲဒီလို သူတို့ရဲ့ အမူအကျင့်တွေနဲ့ တိုင်းတာပါ။ တစ်ချို့လူများက ငွေသာချမ်းသာတယ်၊ စိတ်ဓာတ်ပိုင်း နိမ့်ကျတယ်။ အချို့များကတော့လဲ ဒေါသကြီးတာတွေ့ရပြန်တယ်။ အချို့များကျတော့လဲ အကြွားသန်ပြန်တယ် မျိုးစုံပါပဲ။ သူများမကောင်းကြောင်းဆို အားရဝမ်းသာ ပြောချင်တဲ့သူတွေလဲ ရှိပါတယ်။ ထူးထူးဆန်းဆန်းကြုံတတ်တာက ဒီမိုကရေစီ သမားတွေဆို အသားလွတ်မုန်းနေတဲ့ သူတွေလဲ တွေ့ဖူးပြန်ရဲ့ တိုက်ဆိုင်တာလားမသိဘူး အဲဒီလိုလူတွေက ကျွန်တော်တွေ့သလောက် ဗိုလ်မှုးသားသမီး ကောင်းစားနေသူတွေ ဖြစ်နေပြန်တယ်။ နောက် ဘာမဆို ကိုယ်သိကိုယ်တတ်လူမျိုးတွေလဲ ဆုံရပြန်ပါတယ်။ အမှန်တော့ ကျွန်တော့် အကျင့်က အခြားသူ ဘာလုပ်လုပ် ဝင်မစွက်ဖက်တတ်တာရှိသလို၊ ဆရာလုပ်တယ်ထင်မှာ စိုးလို့ များသောအားဖြင့် သိပ်ပြီး စကားပြောလေ့မရှိပါဘူး။ တစ်ခါတစ်လေ အခြားသူ အမှားလုပ်မိနေတဲ့အခါ စေတနာရှိရင် ဆရာလုပ်တယ်လဲ မဖြစ်ရအောင် သွယ်ဝိုက်သောနည်းနဲ့ ရှင်းပြတတ်ပါတယ်။ တစ်ချို့များကျတောဲ့ ကိုယ်ကိုယ်တိုင် မသိပေမယ့် အခြားသူက အကြံပေးလာတဲ့ အခါ ငါသိပါတယ် ဆရာ မလုပ်နဲ့ ဆိုပြီး ပြောတာမျိုးလဲ ကြုံရပြန်တယ်။ အထူးသဖြင့် ပြုံးမိတာက ကိုယ်တကယ် မသိဘူးဆိုတာကို ဖုံးပြီး အခြားသူက ပြောပြတဲ့အခါ “အင်း ဟုတ်တယ်လေ” ဆိုပြီး သူပဲ သိသယောင် ဝန်မခံတဲ့ အပြင် ပြောတဲ့သူပါ ဘုကြည့်ပြန်ကြည့်ခံရတာမျိုးပေါ့။ အဲဒါမျိုးတွေကို ကိုယ်တိုင်ကြုံနေကြဆိုတော့ ကိုယ့်အလှည့်ကျရင်လဲ ပေါ့ပေါ့ပါးပါးပဲ မသိရင် မသိနားမလည်ကြောင်း ရှင်းရှင်းပဲ ပြောတတ်ပါတယ်။ နောက် အဲဒီလို သိချင်ယောင်ဆောင်နေတဲ့ သူတွေနဲ့လဲ တတ်နိုင်သမျှ အဝေးက ရှောင်လိုက်တယ်။

နောက် ကိုယ်ချင်းစာစိတ်မရှိပဲ ကိုယ်ကြ အကောင်းလိုချင်ပြီး၊ သူများကို မကောင်းတာရစေချင်တာမျိုးတွေလဲ တွေ့ရတယ်။ တစ်ချို့တွေကြလဲ သူများအပေါ် ထိခိုက်စေချင်တာမျိုးမဟုတ်ပေမယ့် အတ္တကြီးလွန်းတဲ့ အခါကြတော့ ကိုယ်ကောင်းဖို့အတွက် သူများမှာသွားထိခိုက်နေတာ မသိတဲ့သူမျိုးလဲ ရှိပြန်တယ်။ အတ္တကြီးလွန်းတဲ့သူတွေမှာ အခြားသူ ကိုယ့်ကြောင့် ထိခိုက်တာ မသိတတ်ကြဖူး နောက် ကိုယ့်ရဲ့ personal အကြောင်းတွေကို အများက စိတ်ဝင်စားမယ်လို့ ထင်တတ်ကြတယ်။ အဲဒါကြောင့်မို့လဲ ရှေးလူကြီးတွေ ပြောခဲ့တာ ဖြစ်မယ် စကားများများပြောတာထက် များများနားထောင်တဲ့ အကျင့်လုပ်ပါဆိုတာ။ လူတွေက တကယ်တမ်းတော့ သူတို့ စိတ်ဝင်စားတာ သူတို့အကြောင်းပါပဲ facebook လိုမျိုးကြည့်လဲ တွေ့ရမယ့် ကိုယ့်အကြောင်းကို သူများစိတ်ဝင်စားမယ် ထင်လို့ status တင်နေတဲ့သူတွေပဲအများကြီးတွေ့ရတယ်။ သူတို့ရဲ့ အတ္တတွေကို အမွန်းတင်ပေးနိုင်တဲ့သူဟာ သူတို့အတွက်လူကောင်း ဖြစ်လာတယ်။

တကယ်တမ်းတော့ လူတွေရဲ့ အမူအကျင့်တွေကနေ သူတို့ရဲ့ စိတ်အနေအထားကို ခန့်မှန်းလို့ ရတတ်ပါတယ်။ ဥပမာ အချို့တွေက အနားမှာ ခြင်ဝဲနေတဲ့အခါ ဒေါသထွက်ပြီး ခြင်လိုက်ရှာနေတာမျိုးတွေ၊ အလကားနေရင် ခုံကို လက်နဲ့ တောက်နေတာ၊ ဒါမှမဟုတ် ဒူးနန့်နေတာ။ တော်ရုံတန်ရုံ ရယ်စရာကို အော်ကြီးဟစ်ကျယ် ရယ်နေတာမျိုးတွေက အစ သတိထားဖြစ်တယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ပိုဆိုးပါတယ်။ တတ်နိုင်ရင် စာဖတ်သူ မိတ်ဆွေများရှောင်စေချင်တယ် ကျွတ်စုတ်တာ တောက်ခေါက်တာမျိုးတွေက လူကို အလှပျက်စေပါတယ်။ အချို့မိန်းကလေးတွေက လူကလှသလောက် အဲဒီလိုမျိုးတွေ အလိုမကျဖြစ်တဲ့ အခါ တွေ့ရရင် အရမ်းရုပ်ဆိုးပါတယ်။ အချို့ မိန်းကလေးများကျတော့လဲ ပတ်ဝန်းကျင်ကြောင့်ထင်ပါရဲ့ စောက် ဆိုတဲ့ စကားကို စကားဆက် တစ်ခုလို သုံးနေတာ သူတို့ကိုယ်တိုင် သတိမထားမိပေမယ့် တွေ့တဲ့သူ အမြင်မှာ မတင့်တယ်တာ တွေ့ရပြန်ပါတယ်။

အင်း စာလဲရှည်နေပြီဆိုတော့ အဆုံးသတ်ရရင် ဘဝမှာ အောင်မြင်ဖို့အတွက် အရာရာသတိရှိဖို့လို သလို လူ့ကျင့်ဝတ်၊ ကိုယ်ချင်းစာတရားမျိုးတွေလဲ လိုတယ်ဆိုတာ လေ့လာခဲ့မိပါတယ်။ လူတိုင်း အမှားနဲ့ မကင်းပေမယ့် အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပြီး အတတ်နိုင်ဆုံး ကျွန်တော် အထက်ကပြောခဲ့တဲ့သူတွေလို မဖြစ်အောင် ကျင့်ကြံသင့်ပါတယ်။ နောက် တည်ငြိမ်တဲ့ စိတ်အနေအထားမျိုးဖြစ်အောင် ကျင့်ယူသင့်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်အင်တာဗျူးလိုမျိုးတွေမှာ စိတ်လှုပ်ရှားတာကြောင့်ပဲ ဖြစ်ဖြစ် အကျင့်ကြောင့်ပဲဖြစ်ဖြစ် ဒူးနန့်နေတာက အစ personality ကို ဆုံးဖြတ်တတ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ နမော်နမဲ့နိုင်တယ်ဆိုတာက စိတ်ပျော့သူ၊ အာရုံများသူတွေမှာဖြစ်တတ်တာမို့ တရားစကားပြောရရင် အချိန်တိုင်းမှာ သတိကပ်ဖို့လို လာပါတယ်။ ကျွန်တော့်အနေနဲ့လဲ အတတ်နိုင်ဆုံးကြိုးစားကျင့်ယူနေသလို မိတ်ဆွေတို့ကိုလဲ ကျင့်စေချင်လို့ ကြုံခဲ့ဖူးတဲ့ လူတွေအကြောင်း ဘလော့ဂ်မှာ ပြန်ရေးဖြစ်ပါတယ်။ အချို့အချက်တွေ အမြင်တူချင်မှ တူပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်…

10 Comments

  1. Oli March 26, 2012

    it is really good one!
    I would like you to send it to me by mailing.
    Can I know your name and this post writer name please.

    Like or Dislike: Thumb up 1 Thumb down 0

  2. Aung Thu March 26, 2012

    Good article bro. Thanks you for your post.

    Like or Dislike: Thumb up 0 Thumb down 0

  3. Myat Htut March 27, 2012

    အစ်ကိုရဲ ့post ကသံဝေဂတွေအများကြီးရရှိခဲ့ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  4. Black Dream March 27, 2012

    Brilliant…

    Like or Dislike: Thumb up 0 Thumb down 0

  5. Yadanar March 28, 2012

    အစ်ကိုရဲ့blogကအရမ်းကိုတန်ဖိုးရှိတယ်..
    မနာလိုတက်တဲ့အကျင့်ကအရမ်းဆိုးတာဟုတ်တယ်..
    အစ်ကိုပြောသလိုမှတ်ယူပြီးကြိုးစားပြီးဖယ်ရမယ်…
    ကျေးဇူးပါအစ်ကို.

    Like or Dislike: Thumb up 0 Thumb down 0

  6. mirror March 29, 2012

    ” စောက် ” ဆိုတဲ့ အသုံးနဲ့ပတ်သက်ပြီး ရေးထားတာ တွေ့လို့ပါ။ တကယ်တော့ အဲ့ဒီစကားလုံးက တကယ် နားကြားရခက်တဲ့ စကားလုံးပါ။
    ဒါပေမယ့် လူတွေအတော်များများ ယောကျ်ားမိန်းမ ပေါ့ပေါ့ပါးပါးပြောနေကြတာ အတော်တော့ အံ့သြမိတယ်။
    ဦးသုမောင် ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ.. သူတို့အမေ ဒေါ်ခင်ညိုက သူ့ကိုပြောတာတဲ့။
    ” သားရယ် မင်းပါးစပ်ကများ မိန်းမတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါကို ပြောထွက်တာလား ” လို့ ပြောတယ်တဲ့။
    သေချာတော့ စကားလုံးအတိအကျ မမှတ်မိတော့ဘူး။ အဲ့ဒီထဲက သူလဲ နောက်ဆိုမပြောဖြစ်တော့ဘူးတဲ့။

    Well-loved. Like or Dislike: Thumb up 4 Thumb down 1

  7. Htoo Tay Zar March 29, 2012

    @ Mirror ~ ဟုတ်ပါတယ်… နောက်ပိုင်းလူတွေက အဲဒီ စာကားလုံးကို ဘာမှဟုတ်တာပြောနေလဲ ထည့်သုံးလာကြတယ်.. ကြားနေကြရင် ဘာမှမဟုတ်ပေမယ့် ကြားနေမကျရင် အဲဒီစကားလုံးက တော်တော်ရိုင်းပါတယ် နောက်ပြောတဲ့သူလဲ ကိုယ့် role ကျသွားတာကို သိလိုက်ပုံမရကြဘူး လို့ထင်မိပါတယ်။

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  8. Aung Koe April 11, 2012

    Your presantation is good. We need to focus what we are doing all the time. Thank you for writing that Article.

    Like or Dislike: Thumb up 0 Thumb down 0

  9. မဗေဒါ April 13, 2012

    အားလုံးကို လက်ခံပါတယ်…
    ကိုယ့်ကိုကိုယ်စဉ်းစားကြည့်တော့လဲ ပြင်သင့်တဲ့အကျင့်တွေကို သိသိသာသာတွေ့ရပါတယ်..
    ခုတော့ သေသေချာချာတစ်ဆင့်ခြင်းပြင်ဖို့ ကြိုးစားပါမယ်…
    တချို့အကြောင်းအရာတွေ ဖေ့ဘွတ်ပေါ် စတေးတပ်တင်တာ၊ မနာလိုဖြစ်တာ၊ မသိလို့ပြောပြတာကို ဆရာလုပ်တယ်ထင်တာ၊ ကိုယ့်အမှားကို ၀န်မခံတတ်တဲ့ လူမျိုးတွေကိုလဲတွေ့နေရပါတယ်… အဲဒိကိစ္စကို ရေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်…
    မြန်မာလူငယ်တွေ တစ်ယောက်ချင်း စိတ်ဓာတ်လေးတွေ တစ်စတစ်စမြင့်မားလာဖို့အတွက် ခုလိုမျိုးထောက်ပြပြုပြင်မဲ့ လူငယ်တွေအများကြီးလိုအပ်ပါတယ်…

    Like or Dislike: Thumb up 0 Thumb down 0

  10. masoyein April 22, 2012

    “နမော်နမဲ့နိုင်တယ် ဆိုတာ ရှက်စရာကောင်းတယ် ဆိုတာ သိလာတာပါပဲ။”
    ကိုယ်သိထားတဲ့ အမှားကြီးကို လူကြားသူကြား ချပြမိမှာကို အတော်ရှက်တယ်။

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 3